Skip to main content
x

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ် မြောက်အစည်းအဝေးကို (၂၈-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် အရည်အသွေးကောင်းမွန်သောပိုးသတ်ဆေးများကို စနစ်တကျ သုံးစွဲရန်လိုအပ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အစားအစာဘေးကင်းလုံခြုံရေးနှင့် ပြည်ပပို့ကုန်အဖြစ်တင်ပို့ရာတွင် အပြည်ပြည်ဆိုင်ရာ (Food Safety Standard) များနှင့် ညီညွတ်စေရေး လေ့လာဆောင်ရွက်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် မိမိတို့ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ဆိုင်ရာကဏ္ဍများမှ လိုအပ်သောအကြံပြုဆွေးနွေးချက်များဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူးညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သော အဆိပ်ရှိပစ္စည်း (Active Ingredient) အမျိုးအစားနှင့် ကုန်သွယ်မှုအမည် (Trade Name) အလိုက် စမ်းသပ်မှုများကို စိစစ်သုံးသပ်ပြီး စမ်းသပ်မှုရလဒ်များ အောင်မြင်ခဲ့သော ပိုးသတ်ဆေးများကို ယာယီသုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသို့ တိုးမြှင့်ရေးအတွက် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များက စိစစ်၍ တင်ပြလာသော ကိစ္စရပ်များ၊ ယာယီသုံးစွဲခွင့်မှတ်ပုံတင်မှ အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင် အမျိုးအစားသို့တိုးမြှင့်ခွင့်ပြုနိုင်ပါရန် ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေးတွင် အဖွဲ့ဝင်များဆွေးနွေး၍ ဆက်လက်တင်ပြလာသောကိစ္စရပ်များ၊ အပြည့်အဝသုံးစွဲ ခွင့်မှတ်ပုံတင်အမျိုးအစားသို့ သက်တမ်းတိုး လျှောက်ထားလာသော ပိုးသတ်ဆေးများနှင့် သတ်မှတ်ကာလထက် သက်တမ်းကျော်လွန်သော ပိုးသတ်ဆေးများအား ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးသည်။ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၂) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄၂၃၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ဒုတိယဝန်ကြီးသည် နံနက်ပိုင်းကလည်း စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) တွင် ဖွင့်လှစ်ပို့ချလျက်ရှိသော မျိုးစေ့နည်းပညာပြန့်ပွားရေး ဆိုင်ရာအသိပညာပေးသင်တန်းတွင် တက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်မျိုးစေ့တာဝန်ခံများနှင့် မြို့နယ်မျိုးစေ့ဝန်ထမ်း သင်တန်းသားသင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ နည်းပညာပေးလုပ်ငန်းများတွင် Artifical Intelligent (AI) ကို အသုံးပြုနိုင်ရေးကို လေ့ကျင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း လုပ်ငန်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။