Skip to main content
x

ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများ ပညာရှင်များ၊ တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲများတွင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် အောက်ရွာကြီး အုပ်စုတွင် စိုက်ပျိုးထားသည့် မိုးစပါးစမ်းသပ်ကွက်နှင့် စံပြစိုက်ခင်းသို့ရောက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အထွက်ကောင်းစပါးမျိုးများ အထွက်နှုန်းယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပညာရှင်နှင့်တောင်သူ လက်တွဲညီစွာဖြင့် လယ်ယာကဏ္ဍ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက်လူငယ်များအနေဖြင့်လည်း ကိုယ့်နယ်၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွစွာ ပါဝင်စေလိုကြောင်းနှင့် မိမိတို့လယ်ယာလုပ်ငန်းခွင်အတွက် လယ်ယာသုံးစက်ကိရိယာ သင်တန်းများကိုလည်း တက်ရောက်သင်ယူ အသုံးချကြစေလိုကြောင်း ရင်းနှီးနွေးထွေးစွာ မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင်ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများအနေဖြင့် လူစာ၊ တိရစ္ဆာန်စာ၊ မြေစာ၊ ဂေဟစနစ်စာ စသည်တို့အတွက် တစ်ခုမဟုတ်တစ်ခုအတွက် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ ဂေဟစနစ်အား ပြန်လည်ဦးစားပေးရန်၊ ပြန်လည်ထိန်းညှိရန်နှင့် ကန်သင်းတွင် ပေါင်းပင်အပေါက် မခံဘဲစိုက်စရိတ် ကာမိစေမည့်သီးနှံများကို စိုက်ပျိုးကြစေလိုကြောင်း၊ မိတ်ဆွေပိုးများအား ပြန်လည်ဆွဲဆောင်နိုင်စေ မည့် နေကြာ၊ ပန်းနှမ်းကဲ့သို့ သီးနှံများကိုလည်း ရေရှည်ကောင်းကျိုးအားမျှော်တွေးကာ စိုက်ပျိုးကြ ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရှင်နှင့်တောင်သူများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် တောင်သူများပါဝင်သည့် Viber group များဖွဲ့၍ ချိတ်ဆက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင်မြို့နယ်များမှ တောင်သူ ၂၅၄ ဦးနှင့် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်း ၂၀ တို့ တက်ရောက်ခဲ့ကြပြီး သီးနှံမျိုးပညာရှင်များ၊ မြေဆီလွှာ ပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များက စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စသည့် သီးနှံမျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေဆီလွှာယိုယွင်းမှုအပေါ် ကာကွယ်ထိန်းသိမ်းနည်းများ၊ ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းနည်းများ၊ ပေါင်းမြက် ကာကွယ်နည်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တောင်သူများနှင့်အုပ်စုဖွဲ့ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးကြပြီး အုပ်စုအလိုက် ဆွေးနွေးရရှိချက်များကို ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။