Skip to main content
x

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပြည်သူများအတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားရေရိက္ခာများ ထုတ်လုပ်နိုင်စေရန် နှစ်တိုနှစ်ရှည် စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၆

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ နှစ်စဉ်အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စားနပ် ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO မှ ယခုနှစ် ထုတ်ပြန်ချက်များအရ ကမ္ဘာ့အစားအစာ လိုအပ်ချက်၏ သုံးပုံတစ်ပုံကို လုပ်ကွက်ငယ်တောင်သူများက ထုတ်လုပ်လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသူများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ၏ အထွက်နှုန်းနှင့် ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်စေလျက်ရှိကြောင်း၊ လူဦးရေ သန်းပေါင်း ၆၀၀ ခန့်သည် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုခံစားရပြီး လေးသိန်းကျော်သည် ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များကြောင့် နှစ်စဉ်သေဆုံးလျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်း ရိတ်သိမ်းချိန်နှင့် သယ်ယူပို့ဆောင်ချိန်တွင် အစားအစာထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်းမှာ ဆုံးရှုံးနေပြီး လက်လီရောင်းချခြင်းနှင့် စားသုံးခြင်းအဆင့်တွင် ၁၉ ရာခိုင်နှုန်း အလေအလွင့်ဖြစ်ပေါ်နေ လျက်ရှိပါကြောင်း။

ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အလေးထား

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး စသည့်အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်ကို ချမှတ်ထားပြီး လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအတွက် အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားရေရိက္ခာများ ထုတ်လုပ်နိုင်စေရန် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေးဆိုင်ရာမဟာဗျူဟာ၊ နှစ်တိုနှစ်ရှည်စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ငါးသယံဇာတမပြုန်းတီးစေရေး

သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သည့် မြေဧရိယာဟက်တာ ၁၂ သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အစရှိသည့် သီးနှံအမျိုးပေါင်း ၆၁ မျိုးခန့်ကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်၌ စပါးသီးနှံစိုက်ဧရိယာ ဟက်တာ ၇ ဒသမ ၁၈ သန်း ကျော်တွင် အထွက်မက်ထရစ်တန် ၂၉ ဒသမ ၉၄ သန်းကျော်၊ ဆီထွက်သီးနှံများ စိုက်ဧရိယာ ဟက်တာ ၃ ဒသမ ၃၄ သန်းကျော်တွင် အထွက်မက်ထရစ်တန် ၃ ဒသမ ၂၃ သန်းကျော်နှင့် ပဲမျိုးစုံသီးနှံများ စိုက်ဧရိယာဟက်တာ ၂ ဒသမ ၇၆ သန်းကျော်တွင် အထွက်မက်ထရစ်တန် ၄ ဒသမ ၁၃ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ သား ငါး မွေးမြူ ထုတ်လုပ်မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အသားမက်ထရစ်တန် ၁ ဒသမ ၂၄ သန်း၊ နို့ မက်ထရစ်တန် ၂ ဒသမ ၁၉ သန်းနှင့် ဥအလုံးရေ သန်းပေါင်း ၄၀၁၂၄၆၉ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ အလားတူ ရေချိုရေငန်ဖမ်းဆီးထုတ်လုပ်မှုနှင့် မွေးမြူရေးလုပ်ငန်းများမှ စုစုပေါင်း ငါးပုစွန်ပိဿာသန်း ၃၈၇၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည့်အပြင် ငါးသယံ ဇာတမပြုန်းတီးစေရေးအတွက် မြစ်ကြီးများ၊ သဘာဝမြစ်ချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း ငါးပုစွန်သားပေါက်ကောင်ရေ ၅၅၁ သိန်းကျော်အား မျိုးစိုက်ထည့်နိုင်ခဲ့ပါကြောင်း။

ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်စေရေး

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်စေရေး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၂၈၆ ဒသမ ၁ ဘီလီယံဖြင့် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၃၂ ဘီလီယံဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် အသားတိုးကြက်၊ ဥစားဘဲနှင့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၀ ဒသမ ၆၀၄ ဘီလီယံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “ပိုမိုကောင်းမွန် သည့်ဘဝနှင့် အနာဂတ်ရရှိရေး လူသားတိုင်း စားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး” (Right to Foods for a Better Life and a Better Future) ဆောင်ပုဒ်နှင့်အညီ လူသားတိုင်း တစ်ဦးမကျန် လုံလောက်သော စားရေရိက္ခာရပိုင်ခွင့်၊ ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုနှင့် အာဟာရ၊ ပိုမိုကောင်းမွန်သော လူမှုဘဝနှင့်ပတ်ဝန်းကျင်တို့ ရရှိစေရေးအတွက် စိုက်ပျိုးရေး စားရေရိက္ခာစနစ် အသွင်ကူးပြောင်းရန်၊ ရင်းနှီးမြှုပ်နှံမှုများနှင့် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ရန်၊ စိုက်ပျိုးရေး စားရေရိက္ခာစနစ်တွင် ပါဝင်ပတ်သက်သူများအချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အီတလီနိုင်ငံ ရောမမြို့ရှိ FAO ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ်၏ သတင်းဗီဒီယိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်း အမှတ်အခမ်းအနားမှတ်တမ်းဗီဒီယိုကို သီးနှံ၊ သားငါးကဏ္ဍ စိုက်ပျိုးထုတ်လုပ်နေမှု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ပြသခဲ့ကြောင်း သိရသည်။