Skip to main content
x

မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဆွေးနွေးတင်ပြကြမည့် ပညာရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ဆီအုန်းလုပ်ငန်းရှင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စားသုံးဆီဖူလုံစေရန် ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆီထွက်မှုအလားအလာကောင်းမွန်သော နှစ်ရှည်ဆီထွက်သီးနှံဖြစ်သည့် ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး၌ ပင်အိုများနေရာတွင် ဆီအုန်းပင်ပျိုများနှင့် အစားထိုးစိုက်ပျိုး ခြင်းအပါအဝင် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဧရိယာများကို စိုက်ပျိုးမြေအသုံးချမှုတန်ဖိုး အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားမြင့်မားရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေး၊ လုပ်ကွက်ငယ်ခြံငယ်ရှင်များအစုအဖွဲ့ဖြင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ပြည်တွင်း၌ စားအုန်းဆီထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမိုသိရှိပြီး ထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဆီအုန်းလုပ်ငန်းတစ်ခုလုံးအတွက် အကျိုးရှိသော ဆွေးနွေးမှုရလဒ်ကောင်းများရရှိအောင် ပူးပေါင်းပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆီကြမ်းစက်ရုံနှင့် ဆီသန့်စက်ရုံများ တည်ထောင်လည်ပတ်ခဲ့မှု၊ လက်ရှိဆီကြမ်းစက်ရုံများ၏ စက်စွမ်းအားအခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းဆီကြမ်းစက်ရုံများ၏ ဆောင်ရွက်နိုင်မှု၊ ဆီအုန်းဆီကြမ်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရရှိလာသည့် ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်သည့်အဆင့်ဆင့်၊ ဆီသန့် စက်ရုံများ၏ထုတ်လုပ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းနေရမှု၊ အထွက်ကောင်းမျိုးသန့် Tenera ဆီအုန်းမျိုးများ တင်သွင်းစိုက်ပျိုးမှု၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများ၏ အမှန်အထွက်နှင့် ထွက်နိုင်ခြေကွာခြားမှု၊ ဆီအုန်းသီးနှံနှင့်ပတ်သက်သည့် မူဝါဒများနှင့် သုတေသနလုပ်ငန်းများကို ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်