Skip to main content
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် စမုံရေထိန်းတမံပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက သာစည်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စမုံရေထိန်းတမံကိုယ်ထည်ကို စနစ်တကျဖို့ကြိတ်၍ တမံပေါင်ကြံ့ခိုင် ကောင်းမွန်မှုရှိစေရန် ဆောင်ရွက်နေမှု၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အကူရေပိုလွှဲ (Fuse Plug Spillway) အလျားပေ ၅၀၀ ထည့်သွင်းဆောင်ရွက်သွားမည့်အခြေအနေ၊ ရေပိုလွှဲနှင့် သဲထုတ်ရေတံခါးကြံ့ခိုင်မှုအ‌ခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စမုံရေထိန်းတမံ၏ မူလရေပိုလွှဲ (Service Spillway) ပြုပြင်ခြင်းလုပ်ငန်းများ၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အကူရေပိုလွှဲ (Fuse Plug Spillway) တည်ဆောက်နေသည့် အပိုင်းတွင် စိန်လွန်ကျင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပေတိုင် - ၃၇၀၀’ မှ ပေတိုင်-၄၂၀၀’ အတွင်း တမံမြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တံတားဦးမြို့နယ် စကားအင်းကျေးရွာရှိ ကွင်းအမှတ် (၁၃၃၂)၊ တောင်သူဦးဝင်းဇော်၏ နေကြာလေးဧကစိုက်ကွင်းအတွင်း နေကြာပန်းပွင့်ချိန် ဝတ်မှုန်ကူးပျားပုံးများချထားခြင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သဘာဝဂေဟစနစ်များပျက်ယွင်းလာခြင်းနှင့် သီးနှံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲလာခြင်းတို့ကြောင့် သဘာဝအင်းဆက်များနှင့် သဘာဝပျားများ နည်းပါးပျောက်ကွယ်လာခဲ့ရာ စနစ်တကျခေတ်မီနည်းဖြင့် မွေးမြူသောပျားများသည် နေကြာသီးနှံစိုက်ပျိုးသူတောင်သူလယ်သမားများအတွက် များစွာအကျိုးပြုနိုင်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကို အထောက်အကူဖြစ်စေမည့် ဝတ်မှုန်ကူးပျားပုံးများ ထားရှိခြင်းကြောင့် သီးနှံအထွက်များ တိုးနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနက အသုံးပြုရန်အကြံပြုထားသည့် ပိုးသတ်ဆေးများကိုသာ ချိန်ဆသုံးစွဲကြရန် ဆွေးနွေးပြောကြားသည်။