Skip to main content
x

စိုက်ပျိုးရေးပညာ နှစ် (၁၀၀) တိုင်ပြီ (အပိုင်း-၂)

ဒေါက်တာမျိုးကြွယ်

နိုင်ငံတကာ စိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ(Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/Specializations)

Agriculture ဆိုသော အနက်အဓိပ္ပာယ်အောက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာ စသည်ဖြင့် အဓိပ္ပာယ်ကျယ်ပြန့်စွာ ဖွင့်ဆိုထားပါသည်။ နိုင်ငံတကာတက္ကသိုလ်များတွင် သင်ကြားသုတေသနပြုနေသော စိုက်ပျိုးရေးနှင့် ဆက်စပ်ဘာသာရပ်များနှင့် ဘွဲ့များ (Degree Programs) အကြောင်း ဆွေးနွေးတင်ပြပါမည်။

နိုင်ငံတကာတက္ကသိုလ်များတွင် စိုက်ပျိုးရေး နှင့် ဆက်စပ်ဘာသာရပ်များ ပေးအပ်သောဘွဲ့ များမှာ-

(၁) သိပ္ပံဘွဲ့ (စိုက်ပျိုးမွေးမြူရေး) B.Sc. (Agriculture); B.Agr.Sc.

(၂) သိပ္ပံဘွဲ့ (ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထုတ်လုပ် ရေး) B.Sc. (Horticulture)

(၃) သိပ္ပံဘွဲ့ (သီးနှံသိပ္ပံ) B.Sc. (Crop Science)

(၄) သိပ္ပံဘွဲ့ (စားကျက်သိပ္ပံ) B.Sc. (Pasture Science)

(၅) သိပ္ပံဘွဲ့ (မြေဆီလွှာသိပ္ပံ) B.Sc.(Soil Science)

(၆) သိပ္ပံဘွဲ့ (ပတ်ဝန်းကျင်သိပ္ပံ) B.Sc. (Environmental Science)

(၇) သိပ္ပံဘွဲ့ (တိရစ္ဆာန်မွေးမြူရေးသိပ္ပံ) B.Sc. (Animal Science)

(၈) သိပ္ပံဘွဲ့ (ပိုးစာပင်စိုက်ပျိုးရေးနှင့်ပိုးမွေးမြူရေး) B.Sc. (Sericulture)

(၉) သိပ္ပံဘွဲ့ (သီးနှံသစ်တောရောနှောစိုက်ပျိုးရေး) B.Sc. (Agroforestry)

(၁၀) သိပ္ပံဘွဲ့ (အစားအစာအာဟာရဓာတ်နှင့် ကျန်းမာရေး) B.Sc. Food Nutrition and Dietetics

(၁၁) သိပ္ပံဘွဲ့ (စိုက်ပျိုးမွေးမြူထုတ်ကုန်များ ကူးသန်းရောင်းဝယ်ရေး) B.Sc. (Agri-business)

(၁၂) သိပ္ပံဘွဲ့ (နို့နှင့်နို့ထွက်ပစ္စည်းဆိုင်ရာသိပ္ပံ) B.Sc. (Dairy Science)

(၁၃) သိပ္ပံဘွဲ့ (အစားအသောက်သိပ္ပံ) B.Sc. (Food Science)

(၁၄) သိပ္ပံဘွဲ့ (ဝိုင်ထုတ်လုပ်ခြင်းဆိုင်ရာသိပ္ပံ) B.Sc. (Wine Science)

(၁၅) သိပ္ပံဘွဲ့ (ပျားမွေးမြူရေး) B.Sc. (Apiculture)

(၁၆) သိပ္ပံဘွဲ့ (စပျစ်စိုက်ပျိုးထုတ်လုပ်ခြင်း ဆိုင်ရာသိပ္ပံ) B.Sc. (Viticulture)

(၁၇) သိပ္ပံဘွဲ့ (မြင်းမွေးမြူရေးနှင့် မြင်းနှင့် ဆိုင်သော အားကစားသိပ္ပံ) B.Sc. (Equine Science)

(၁၈) သိပ္ပံဘွဲ့ (သဘာဝအရင်းအမြစ်များစီမံခန့်ခွဲ ရေး) B.Sc. (Natural Resources Management)

(၁၉) နည်းပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာ) B.Tech. (Agricultural Engineering)

(၂၀) နည်းပညာဘွဲ့ (အစားအစာအင်ဂျင်နီယာ) B.Tech. (Food Engineering)

(၂၁) နည်းပညာဘွဲ့ (ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင် နီယာ) B.Tech. (Environmental Engineering)

(၂၂) နည်းပညာဘွဲ့ (ဇီဝနည်းပညာ) B.Tech. (Biotechnology)

(၂၃) နည်းပညာဘွဲ့ (ဇီဝဆိုင်ရာအချက်အလက် များ) B.Tech. (Bioinformatics)

(၂၄) နည်းပညာဘွဲ့ (စိုက်ပျိုးရေးဆိုင်ရာအချက် အလက်နည်းပညာ) B.Tech. (Agricultural Information Technology) စသည်ဖြင့် ဘွဲ့၊ ဒီဂရီ၊ ဘာသာရပ်များ များပြားလှပါသည်။

တချို့ စုပေါင်းဘာသာရပ်များဘွဲ့ (Multidis-ciplinary Subjects) ဥပမာ - တိကျသော စိုက်ပျိုးမွေးမြူရေး (Precision Agriculture/Farming)၊ အော်ဂဲနစ်စိုက်ပျိုးရေး (Organic Agriculture)၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးမွေးမြူရေး (Climate-Smart Agriculture)၊ အချက်အလက်ဆိုင်ရာစိုက်ပျိုးရေး (Data Science in Agriculture)၊ ဒစ်ဂျစ်တယ်စိုက်ပျိုးရေး (Digital Agriculture) စသည်ဖြင့် ခေတ်နှင့်လိုက်လျောညီထွေရှိသော စိုက်ပျိုးမွေးမြူရေးပညာများကို ဘွဲ့ဒီဂရီများ ပေးလာပါသည်။

ဤဘာသာရပ်များကို တက္ကသိုလ်ပထမဘွဲ့ (Bechelor Degree) အပြင် နိုင်ငံတော်လိုအပ်ချက်နှင့် ကိုက်ညီသောသုတေသနများ ပြုလုပ်အဖြေရှာကြရန် မဟာသိပ္ပံ (Master Degree – M.Sc.) ပါရဂူဘွဲ့ (Doctoral Degree – Ph.D.) များအထိ ပြုလုပ်ဆောင်ရွက်လျက်ရှိနေကြပါသည်။ တက္ကသိုလ်တွင် လေး၊ ငါးနှစ်သင်ယူခဲ့ရသော ပညာများ၊ ဘာသာရပ်များသည် ခေတ်မီဆန်းသစ်နေရမည်ဖြစ်ပြီး ခေတ်နှင့်အညီ အလုပ်အကိုင်လိုအပ်ချက်နှင့်လည်း ကိုက်ညီနေရပါမည် (Matching between Graduates and Employability)။

ဆက်လက်၍ နိုင်ငံတကာတွင် အထူးပြုဘာသာ၊ ဌာနသီးခြားခွဲ၍ သင်ကြားလျက်ရှိသော လိုအပ်လျက်ရှိသော ဘာသာရပ်အသစ်များကို စိုက်ပျိုးရေးတက္ကသိုလ်၏ ဘာသာရပ်စီစဉ်ထားပုံ အစဉ်အလာအရ A, B, C, D, E အလိုက် ဆွေးနွေးပါမည်။ ကမ္ဘာပေါ်ရှိ စိုက်ပျိုးရေးဆိုင်ရာတက္ကသိုလ်များတွင် ဤဘာသာရပ်များကို အထူးပြုဘာသာအလိုက် ပထမဘွဲ့ (Bachelor – B.Sc./B.Agr.Sc.)၊ မဟာစိုက်ပျိုးရေးသိပ္ပံ/မဟာသိပ္ပံ (Master – M.Agr.Sc./M.Sc.)၊ ပါရဂူဘွဲ့ (Ph.D.) ဒီဂရီများအထိ လေ့လာသင်ကြား၊ သင်ယူသုတေသနပြုနေကြပါသည်။

(A - Agronomy) လယ်ယာသီးနှံပညာ ဘာသာကြီး ၏ အောက်တွင်

လယ်ယာသီးနှံဘာသာကြီးဆိုသည်မှာ ကွင်းအကျယ်ကြီးတွင် စိုက်ပျိုးပေးရသော သီးနှံများ - နှံစားသီးနှံ (Cereal Crops)၊ ဆီထွက်သီးနှံ (Oilseed Crops)၊ အမျှင်ထွက်သီးနှံ (Fibre Crops)၊ ပဲမျိုးစုံ (Food Legumes)၊ သကြားထွက်သီးနှံ (Sugar Crops)၊ ဥစားသီးနှံ (Root Crops)၊ တိရစ္ဆာန်များအတွက် အစားအစာသီးနှံများ (Forage Crops) စသည်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ပေးခြင်း၊ စိုက်ပျိုးမြေ၊ မြေဆီဩဇာများစွာကို အထွက်ကောင်းရန်အတွက် စီမံဆောင်ရွက်ရသော ဘာသာရပ်ဖြစ်ပါသည်။

 နိုင်ငံတကာတွင် ဤဘာသာရပ်ကြီးအပြင် အောက်ဖော်ပြပါဘာသာရပ်များကိုလည်း တောင်သူ ဦးကြီးများ၏ သီးနှံအထွက်တိုးရန်အတွက် ပိုမိုကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သင်ကြား၊ သုတေသနပြုပေးနေကြပါသည်။ သို့ဖြစ်ပါ၍ နောင်တစ်ချိန် ကျွန်တော်တို့နိုင်ငံတစ်ဝန်း၊ ပြည်နယ်၊ တိုင်းဒေသကြီးများပါမကျန် စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်များ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။

(က) မျိုးစေ့သိပ္ပံနှင့်နည်းပညာဌာန (Department of Seed Science and Technology)

‘မျိုးစေ့မမှန်၊ ပင်မသန်၊ ဖူးတန်ငုံကင်း၊ အသီးဖျင်း’ ဟူသော ဆိုရိုးစကားနှင့်အညီ တောင်သူလယ်သမားများအတွက် မျိုးကောင်း၊ မျိုးသန့်ရရှိရေးက အလွန်အရေးကြီးပါသည်။ ဤဘာသာရပ်ကိုလည်း သီးနှံတစ်မျိုးချင်းအလိုက် သီးခြားလေ့လာသင့်ပါသည်။ နမူနာအနေဖြင့် မျိုးစေ့သိပ္ပံသီးခြားဌာနရှိသော နာမည်ကြီးတက္ကသိုလ်အချို့မှာ-

(က-၁) မျိုးစေ့သိပ္ပံဗဟိုဌာန (Seed Science Center, College of Agriculture and Life Sciences, Iowa State University, USA) စိုက်ပျိုးမွေးမြူရေးနှင့် သက်ရှိသိပ္ပံကောလိပ်၊ အိုင်အိုဝါပြည်နယ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ။

(က-၂) မျိုးစေ့သိပ္ပံနှင့်နည်းပညာဌာနစိတ် (Seed Science and Technology Division, Faculty of Agriculture, Life and Environmental Sciences, Zhejing University, China)၊ စိုက်ပျိုးမွေးမြူရေး၊ သက်ရှိသိပ္ပံနှင့် ပတ်ဝန်းကျင်သိပ္ပံမဟာဌာန၊ ဇီဂျမ်းတက္ကသိုလ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။

(က-၃) မျိုးစေ့သိပ္ပံနှင့်နည်းပညာဌာန (Department of Seed Science and Technology, Agricultural College and Research Institute, Tamil Nadu Agricultural University, India) စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဌာန၊ တမီးလ်နားဒူး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်၊ အိန္ဒိယနိုင်ငံတို့ ဖြစ်ပါသည်။

(ခ) စားကျက်သီးနှံဌာန (Department of Pasture Science)

ဆရာကြီးတစ်ယောက်၏ အဆိုအရ “နိုင်ငံတိုင်းတွင် မြက်ကိုသီးနှံအနေဖြင့် တွင်ကျယ်စွာ မစိုက်ပျိုးနိုင်သေးပါက ခေတ်မီသော စိုက်ပျိုးမွေးမြူ ရေးနိုင်ငံဖြစ်ရန် လိုနေပါသေးသည်” ဟု ဆိုမိန့်ခဲ့ဖူးပါသည်။ စားကျက်ပဲ အများစုကလည်း နှစ်ရှည်သီးနှံဖြစ်ရုံသာမက လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေး၍ (Nitrogen Fixation from the Air) မြေဆီဩဇာဓာတ်များ တိုးတက်စေပါသည်။ စိုက်ပျိုးရေးဌာနနှင့် စိုက်ပျိုးရေးသုတေသနဌာနတို့တွင် စားကျက်သီးနှံဖွံ့ဖြိုးရေးကို ပြုလုပ်နေသည့် ပညာရှင်များမှာ မရှိသလောက် နည်းနေပါသေးသည်။

စိုက်ပျိုးရေးတက္ကသိုလ်တွင် ဒေါက်တာ အေးအေးခိုင် ဦးဆောင်၍ စားကျက်သီးနှံ မဟာသိပ္ပံသုတေသနအနည်းငယ်လုပ်နေပါသော်လည်း ကျောင်းသား ကျောင်းသူများက မိခင်ဌာနသို့ ပြန်ရောက်သောအခါ စားကျက်သီးနှံကို တစိုက်မတ်မတ်မလုပ်ရတော့ပါ။ စားကျက်ကို မွေးမြူရေးဌာနရှုထောင့်မှ ကြည့်သလို စားကျက်အပင်မျိုးသစ်များ မွေးမြူရေး၊ မြက်နှင့်စားကျက်သဟဇာတဖြစ်မှု (Adaptability Trials of Grasses and Legumes)၊ မီးလောင်ဒဏ်ခံ (Fire-resistant)၊ လွှတ်ကျောင်းဒဏ်ခံ (Grazing Tolerant)၊ မိုးခေါင်ဒဏ်ခံ (Drought Tolerant Plants) မျိုးများမျိုးစပ်မွေးမြူသည့် (Plant Breeding) အစီအစဉ်ကို စိုက်ပျိုးရေးဘက်က ပြုလုပ်ကြရပါဦးမည်။

နမူနာအနေဖြင့် စားကျက်သီးနှံသိပ္ပံသီးခြားဌာနရှိသော နာမည်ကြီးတက္ကသိုလ် အချို့မှာ -

(ခ-၁) မြက်ခင်းဆိုင်ရာကောလိပ် (College of Grassland Agriculture, North West A&F University, China) အနောက်မြောက် စိုက်ပျိုးရေးနှင့်သစ်တောတက္ကသိုလ်၊ တရုတ်နိုင်ငံ(မြက်ခင်း၏ အဓိပ္ပာယ်က ကျွဲ၊ နွားအစာမြက်များ၊ ပဲမျိုးများ၊ အခြားအပင်များအပြင် သဘာဝမြက်ခင်းပြင်များ (Natural Grasslands Conservation) ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဂေါက်ကွင်း၊ ပန်းခြံများရှိမြက်များ (Turf Grass) အားလုံးပါဝင်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် လေ့လာ၊ သုတေသနပြုစရာ ဘာသာရပ် များစွာလိုပါသေးသည်)

(ခ-၂) စားကျက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ အပူပိုင်းဒေသစားကျက်သီးနှံများဌာန (Pasture Management and Tropical Forage Crops Unit, School of Agriculture, The University of Queensland, Australia) စိုက်ပျိုးမွေးမြူရေးအဆင့် မြင့်ကျောင်း၊ ကွင်းစလန်တက္ကသိုလ်၊ ဩစတြေးလျနိုင်ငံ။

(ခ-၃) စားကျက်မြေနှင့် စားကျက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဌာနစိတ် (Range, Pasture and Forage Crops Section, Department of Agronomy, Institute of Agriculture and Natural Resources, University of Nebraska-Lincoln, US) လယ်ယာသီးနှံဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝအရင်းအမြစ်များဌာနကြီး၊ နီဘရာစကာ တက္ကသိုလ်၊ အမေရိကန်နိုင်ငံ။

(ဂ) ပေါင်းသိပ္ပံပညာဌာန (Department of Weed Science)

လယ်ယာနှင့် ဥယျာဉ်ခြံသီးနှံမျိုးစုံကို အထွက်တိုးရန်အတွက် နှောင့်ယှက်ဖျက်ဆီးသော ပိုးမွှားနှင့် အပင်ရောဂါများ (Insect Pests and Plant Diseases) အပြင် ပေါင်းပင်များ (Weeds) ကိုလည်း သီးခြားဘာသာ၊ ဌာနတစ်ခုအနေဖြင့် နိုင်ငံတကာတက္ကသိုလ်အချို့တွင် သင်ကြားလေ့လာလေ့ ရှိပါသည်။ နမူနာတက္ကသိုလ်များမှာ -

(ဂ-၁) ပေါင်းသိပ္ပံဌာန (Department of Weed Science, College of Agriculture and Life Sciences, Texas A&M University, US) စိုက်ပျိုးမွေးမြူရေးနှင့်သက်ရှိသိပ္ပံကောလိပ်၊ တက္ကဆက်စိုက်ပျိုးမွေးမြူရေးနှင့်စက်မှုတက္ကသိုလ်၊ အမေရိကန်နိုင်ငံ။

(ဂ-၂) ပေါင်းသိပ္ပံဌာန (Department of Weed Science, Faculty of Agriculture, Zagreb University, Croatia) စိုက်ပျိုးမွေးမြူရေးမဟာဌာန၊ ဇာဂရက်တက္ကသိုလ်၊ ခရိုအေးရှားနိုင်ငံ။

(ဂ-၃) ပေါင်းသိပ္ပံ၊ ကိမိလဗေဒနှင့် အပင်ရောဂါ ဌာနကြီး (Institute of Weed Science, Entomology and Plant Pathology, University of Philippines-Los Banos (UPLB), The Philippines) စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာသိပ္ပံကောလိပ်၊ ဖိလစ်ပိုင်တက္ကသိုလ်၊ လော့ဘားညို့၊ ဖိလစ်ပိုင်နိုင်ငံ စသည့် တက္ကသိုလ်များတွင် တွေ့ရှိရ ပါသည်။

(ဃ) လယ်ယာသီးနှံဂေဟဗေဒဌာန (Department of Agroecology)

ပြောင်းလဲလာသော ရာသီဥတု (Climate Change) နှင့်အညီ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဆက်စပ်မှု (Crops and Environment Relation-ships)၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးရေး (Climate Smart Agriculture - CSA)၊ ရေရှည်တည်တံ့နိုင်သော စိုက်ပျိုးမွေးမြူရေး (Sustainable Agriculture) တို့သည် သီးနှံမျိုးစုံကို အထွက်တိုးရန်နှင့် အရည်အသွေးကောင်းမွန်ရန် အတွက် ဤဌာန၊ ဤဘာသာရပ်တို့ အရေးပါလာပါသည်။ နမူနာတက္ကသိုလ်များမှာ -

(ဃ-၁) သီးနှံဂေဟဗေဒဌာန (Department of Agroecology, Faculty of Natural Science, Aarhus University, Denmark) သဘာဝသိပ္ပံ မဟာ ဌာန၊ အာဟပ်စ်တက္ကသိုလ်၊ ဒိန်းမတ်နိုင်ငံ ။

(ဃ-၂) သီးနှံဂေဟဗေဒအုပ်စု (Agroecology Group,Faculty of Agricultural Science,George-August University, Germany) စိုက်ပျိုးမွေးမြူရေးသိပ္ပံမဟာဌာန၊ ဂျော့ဩဂတ်စ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ။

(ဃ-၃) သီးနှံဂေဟဗေဒနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of Agroecology and Rural Development, University of Sao Paulo, Brazil) စိုက်ပျိုးမွေးမြူရေးကောလိပ်၊ ဆာအိုပိုလိုတက္ကသိုလ်၊ ဘရာဇီးလ်နိုင်ငံစသည်တို့ နမူနာကြည့်ရှုနိုင်ပါသည်။

(င) နောက်ဥပမာတစ်ခုမှာ - တရုတ်နိုင်ငံ၊ ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Yunnan Agri- cultural University, Kunming) အောက်ရှိ လယ်ယာသီးနှံနှင့် ဇီဝနည်းပညာကောလိပ်(College of Agriculture and Biotechnology) ကြီးကြပ်မှုအရ ပုံမှန်လယ်ယာသီးနှံ ဘာသာရပ်အပြင် တရုတ်ဆေးဖက်ဝင်အပင်များဌာန (Department of Chinese Medicinal Herbs and Plant Science) ရှိ တရုတ်တိုင်းရင်းဆေးများကို ဆေးပညာကောလိပ်အောက်ရှိ ကုသရေးဌာနများနှင့် ပူးပေါင်းပြီး လူနာများကို လက်တွေ့ကုသပေးနေသည်မှာ အလွန်အားကျဖွယ် ကောင်းလှပါသည်။

(နောက်ဆောင်းပါးများတွင် B - ယခင် Depart-ment of Agricultural Botany ယခု Department of Plant Breeding, Physiology and Ecology ဌာနနှင့် ဆက်စပ်ဘာသာများ၊ C - ယခင် Depart-ment of Agricultural Chemistry ယခု Department of Soil and Water Science ဌာန နှင့်ဆက်စပ်ဘာသာများစသည်ဖြင့် ဆက်လက်ဆွေးနွေးပါမည်)