Skip to main content
x

ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား ဇန်နဝါရီ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများက ဘဏ္ဍာနှစ်များအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဦးစီးဌာနအလိုက် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထုတ်လုပ်မှုနှင့် မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်အောင်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ လိုအပ်ချက်၊ အခက်အခဲများတင်ပြနိုင်အောင် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်၍ စီမံခန့်ခွဲဆောင်ရွက်ကြရန်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရပ်များကို လုပ်ဆောင်ပြသရန်၊ မြေပို၊မြေလွတ်များတွင် စိုက်ပျိုးရေးဆောင်ရွက်ကြရန်၊ လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ကြရန်မှာကြားပြီး ဝန်ကြီးဌာနအောက်ရှိ ဌာနများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။