ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်စနစ်များ စိုက်ပျိုးရေပေးဝေနိုင်ရေး ကွင်းဆင်းဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာရှိ ငမိုးရိပ်ဆည်ရေသောက်စနစ် နွေစပါးစံပြ ၁၄၈ ဧက စိုက်ကွင်း ကို ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ်တာဝန်ရှိသူများက ငမိုးရိပ်ဆည်ရေသောက်စနစ်စိုက်ပျိုးရေ ပေးဝေနေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေပေးဝေရာတွင် ရေအလေအလွင့်မရှိစေရေး၊ ဖော်ထုတ်ပြီး စက်မှုလယ်ယာစနစ်တကျလယ်မြေများတွင် စံပြကွက်များအဖြစ် စိုက်ပျိုးရေးဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ထန်းတပင်မြို့နယ် (တက်သစ်ကျွန်း) အတွင်းရှိ ပန်တိုင်(၁)ရေတံခါးသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရေတံခါးများ ကြံ့ခိုင်မှု၊ ရေသွင်းရေထုတ်မြောင်းများ တိမ်ကောမှုမဖြစ်စေရန် ဆောင်ရွက်ထားရှိမှု၊ ဒိုက်ဗေဒါများ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးထိန်းသိမ်းဆောင်ရွက်နေမှု၊ နွေစပါးလျာထားစိုက်ဧကများ ပြည့်မီရေးတွန်းအားပေးဆောင်ရွက်နေမှု၊ ဆတ်ကလေးကွင်း၊ ကျားဟုန်းကွင်း၊ ပက်အင်းကလေးကွင်းအတွင်း နွေစပါးစိုက်ပျိုးရေ ပေးဝေနေမှုနှင့် စိုက်ပျိုးပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ထန်းတပင်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးတာများ သတ်မှတ်အမြင့် ACL ပြည့်မီအောင် ထိန်းသိမ်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ဧက ၂၅၀၀၀၀ ကျော်နှင့် အခြားသီးနှံ စိုက်ဧက ၅၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။