စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU)၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၅)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စီမံဆောင်ရွက်
အစည်းအဝေးတွင် CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဂတိလိုက်စားမှုပပျောက်ရေးကို ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံး လိုက်နာကျင့်သုံးမှသာ အဂတိကင်းစင်ပပျောက်နိုင်မည်ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများအားလုံး အဂတိလိုက်စားခြင်း၏ ဆိုးကျိုးများကို သိရှိနားလည်စေရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာနများ၊ တက္ကသိုလ်များအလိုက် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှု၊ ယခင်အစည်းအဝေး ဆွေးနွေးချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အစည်းအဝေး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် သုံးသပ်ဆွေးနွေးကြသည်။
စစ်ဆေးဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၊ တက္ကသိုလ်နှင့် ကျောင်းများတွင် စာတိုက်ပုံးများထားရှိပြီး ကာလသတ်မှတ်ဖွင့်ဖောက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ အများပြည်သူထံမှ တုံ့ပြန်ရယူခြင်းအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း စီမံခန့်ခွဲမှုအရ ဆောင်ရွက်ပေးမှု ၅၁ ကြိမ်၊ အသိပညာပေးဟောပြောမှု ၆၄၉ ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၄၇၇၆ စောင်၊ သင်တန်းပို့ချမှု ၂၃ ကြိမ်နှင့် အလုပ်ရုံ ဆွေးနွေးပွဲ ၁၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်