Skip to main content
x

“မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) တွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆွေးနွေး

နေပြည်တော် မတ် ၂

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာပြပွဲတွင် စိုက်ပျိုးရေးပညာရှင်များက ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာရပ်များကို ရှင်းလင်းဆွေးနွေးပြီး မျိုးဝါစေ့မှ အမွေးများကို အက်စစ်ဖြင့် ချွတ်ခြင်းလုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြသသည်။

ဆွေးနွေးပြောကြား

အဆိုပါ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆွေးနွေးပွဲသို့ လာရောက်လေ့လာကြသည့် တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဝါသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေး နည်းပညာများ၊ သီးနှံများ ရေရရှိရေးဆောင်ရွက်ရန် နည်းလမ်းများနှင့် မြေဆီလွှာအာဟာရပြည့်မီရေး ဆောင်ရွက်သင့်သည့်အချက်များ၊ အရည်အသွေးကောင်း ဝါဂွမ်းထွက်ရှိရေးအတွက် ဝါကောက်ချိန်တွင် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲမှတာဝန်ရှိသူများက ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် ဝါမျိုးစေ့ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၊ အပင်အာဟာရဓာတ်ရရှိရေး ဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး အပင်ပေါက်နှုန်း ပိုမိုကောင်းမွန်စေရေးအတွက် မျိုးဝါစေ့မှ အမွေးများကို အက်စစ်ဖြင့်ချွတ်ခြင်း လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသသည်။

ထို့နောက် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ တောင်သူ ၃၁၀ နှင့် လေ့လာရေးအဖွဲ့များက “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) တွင် စိုက်ပျိုးပြသထားသည့် သီးနှံစိုက်ကွက်များနှင့် ဝါသီးနှံစိုက်ခင်းများ၊ ဌာနနှင့်ပုဂ္ဂလိကပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး ပညာရှင်များက လိုက်ပါရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်