Skip to main content
x

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းမျိုးသစ်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် (ထုံးဘို) ရှိ ပုဂ္ဂလိကဝက်မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများ အကြံပြုဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြူဝန်းခြံ အသားတိုးနွားမျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်နှင့် သရုပ်ပြခြံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသမျိုးရင်း အသားတိုးနွားများအား ပိုမိုကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအဖြစ် မွေးမြူထုတ်လုပ်၍ မွေးမြူသူများထံဖြန့်ဝေပေးရန်၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် အစာနု အစာကြမ်းနှင့် ကောက်ရိုးချဉ်ဖတ်များ လုံလောက်စွာ ထုတ်လုပ်ကြရန်၊ တိရစ္ဆာန်သောက်သုံးရေ အပြည့်အဝရရှိစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပန့်ရေတင်စနစ်ကို အသုံးပြုဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအားလုံး တစ်ပြေးညီတာဝန်ပေး၍ စနစ်တကျစီမံခန့်ခွဲပြီး မျှတစွာအုပ်ချုပ်ရန် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပြင်ဦးလွင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဒိုးကွင်ဥယျာဉ်ခြံကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်အဖြစ် စီမံဆောင်ရွက်နေမှုကို အထောက်အကူဖြစ်စေရန်အတွက် ထူးခြားဆန်းပြားသော ပန်းမျိုးများထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မေမြို့ပန်းများအား မျိုးစပ်မျိုးမြှင့်စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်၊ ရေမြေဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးနည်းပညာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ မျိုးရင်းတူဒေသသစ်ခွမျိုးများကို မျိုးစပ်၍ ခေတ်နှင့်အညီ မျိုးသစ်များရှာဖွေဖော်ထုတ်ရန်၊ သစ်ခွပန်းမျိုးများ အရောင်ကွဲအလိုက် ရွေးချယ်စုဆောင်းပြီး အသွင်သဏ္ဌာန်မျိုး ထူးခြားသည့်မျိုးသစ်များ သုတေသနပြုဖော်ထုတ်ရန်နှင့် ပြင်ဦးလွင် စတော်ဘယ်ရီမူရင်းမျိုးများအား ထိန်းသိမ်းမျိုးပွားခြင်းကို ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။