Skip to main content
x

ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ဧက ၂၀၁၀၀ စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ရွာအနီးရှိ ငမိုးရိပ်လျှပ်စစ်ရေတင်လုပ်ငန်း နှင့် လက်ပံရေတင်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုလာစနစ်တွဲဖက်တပ်ဆင်အသုံးပြုသည့် မြစ်ရေတင်လုပ်ငန်းငါးခုတွင် ဆိုလာကီလိုဝပ် ၁၀၅၇ ဒသမ ၁ ကီလိုဝပ်နှင့် ဆိုလာစနစ်သီးသန့် ရေတင်လုပ်ငန်းများအဖြစ် ရေတင်လုပ်ငန်းငါးခု၌ ဆိုလာကီလိုဝပ် ၇၂၆ ကီလိုဝပ် စုစုပေါင်းဆိုလာကီလိုဝပ် ၁၇၈၃ ဒသမ ၁ ကီလိုဝပ် တပ်ဆင်ပြီးဖြစ်သည်။ အလားတူ လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်တည်ဆောက်မည့် ဆိုလာကီလိုဝပ် ၅၀၅၀ တပ်ဆင်ရန် တင်ဒါခေါ်ယူဆောင်ရွက် ပြီးဖြစ်ကာ အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စုစုပေါင်းဆိုလာကီလိုဝပ် ၆၈၃၃ ဒသမ ၁ ကို မြစ်ရေတင်လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှစ်ခုတွင် တည်ဆောက်ပြီး မြစ်ရေတင်လုပ်ငန်း ၂၃ ခုမှ အကျိုးပြုဧက ၂၆၀၀၀ ကျော်နှင့် ဆောင်ရွက်ဆဲမြစ်ရေတင် စီမံကိန်းတစ်ခုမှ အကျိုးပြုဧက ၁၅၀၀ စုစုပေါင်းမြစ်ရေတင် ၂၄ ခုမှ အကျိုးပြုဧက ၂၇၈၀၀ ကျော် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွေစပါးဧက ၁၇၄၀၀ ကျော်နှင့် အခြားသီးနှံဧက ၂၆၀၀ ကျော်၊ စုစုပေါင်း ဧက ၂၀၁၀၀ ကို ရေပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် လှည်းကူးမြို့နယ် ညောင်တခြမ်းကျေးရွာရှိ ငမိုးရိပ်ဆည်ရေသောက်စနစ် လက်တံမြောင်း(၆) ဧရိယာအတွင်း အောင်နိုင်တိုး မျိုးစပါးထုတ်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှာကြားပြီး ငမိုးရိပ်လက်ဝဲတူးမြောင်းနှင့် ရေခွဲထိန်းအဆောက်အအုံကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေပေးဝေရာတွင် တည်ဆောက်ပြီး ဆည်ရေသောက်စနစ်များကို အဆင့်မြှင့်တင်ပြုပြင်၍ စိုက်ပျိုးရေအလေအလွင့် မရှိစေရေးနှင့် လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ပေးဝေနိုင်ရေး၊ စိစစ်စိုက်ဧကများအတိုင်း စိုက်ပျိုးရေပေးဝေ၍ အပြည့်အဝစိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုလုပ်ငန်းခွင်သင်တန်းကျောင်း စက်မှုတိုင်း(၁)ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။