Skip to main content
x

မြေဩဇာကော်မတီ၏ (၄၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

မြေဩဇာကော်မတီ၏ (၄၅)ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနှင့်မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်မြေဩဇာအရည်အသွေး မှန်ကန်မှုရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးမှူးများက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း။

အလားတူ သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခဲ့ရသည့် သီးနှံစိုက်ခင်းဧရိယာများကို သွင်းအားစုများဖြင့် အချိန်မီပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုခြင်းအပြင် မြေနမူနာဓာတ်ခွဲစစ်ဆေးချက် အပေါ်မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၌ သီးနှံအလိုက်ထည့်သွင်းရမည့် မြေဩဇာထောက်ခံနှုန်းထားများပေးခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရေးအတွက် တောင်သူများအား နည်းပညာပေးခြင်းလုပ်ငန်းများအပြင် ဝန်ထမ်းများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများဘက်က တန်ဖိုးကြီးမြင့်သည့် ဓာတ်မြေဩဇာများကို အကျိုးရှိစွာအသုံးပြုနိုင်ရန် အပင်အာဟာရစီမံခန့်ခွဲမှု နည်းလမ်းများအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအားတင်ပြရာ မြေဩဇာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များက အကြောင်းအရာတစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေးကြသည်။

စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီသုံးစွဲနိုင်ရန် မြေဩဇာမှတ်ပုံတင်ခြင်းအား မြေဩဇာကော်မတီက သုံးလတစ်ကြိမ် အစည်းအဝေးကျင်းပပြီး မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင် ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေဩဇာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင်လက်မှတ် ပေါင်း ၁၂၇၄၁ စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း မှတ်ပုံတင်သက်တမ်းကျော်လွန်၍ ဖျက်သိမ်းခြင်း၊ ကာယကံရှင်များ၏ တင်ပြချက်အရပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိတွင် တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် ၇၆၂၃ စောင်ဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်