Skip to main content
x

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေသောက်စနစ်နှင့် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ပွဲစားရေလွှဲဆည် ပြုပြင်နေမှု ကြည့်ရှုစစ်‌ဆေး

နေပြည်တော် ဒီဇင်ဘာ ၃

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေရေသောက်စနစ်တွင် တူးမြောင်းနှင့် ရေပေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ နွေသီးနှံများအား စိုက်ပျိုးရေ ပေးဝေနေသည့်ရာသီချိန်ဖြစ်သဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် အရေးပေါ်ယာယီပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆည်ရေပေးရာသီတွင် နွေးစပါး ၈၉၃၄ ဧက၊ အခြားသီးနှံ ၁၉၁၉ ဧကနှင့် မိုးစပါး ၁၀၉၆၃ ဧက စိုက်ပျိုးရေပေးဝေစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 ယခုအခါ အခိုင်အမာပြန်လည်ပြင်ဆင်နေမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လာမည့်နွေသီးနှံ ရေပေးဝေရာသီအမီ အခိုင်အမာပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ နွေသီးနှံရာသီအမီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေပေးဝေချိန်တွင် ထပ်မံပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဦးစားပေးထိန်းသိမ်းရမည့်အပိုင်းများကို လိုအပ်သလို ကြိုတင်ကာကွယ် ဆောင်ရွက်ကြရန် ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆင်သေဆည်ရေသောက်စနစ်၌ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းစုစုပေါင်း ၃၈ ခု ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၁ ခုမှာ ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲ ၁၀ ခုရှိပြီး ဆောင်ရွက်ရန် ခုနစ်ခု ကျန်ရှိကြောင်း သိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် ဆည်ရေပေးရာသီတွင် နွေစပါး ၈၉၃၄ ဧကကျော်၊ အခြားသီးနှံ ၂၆၄၆ ဧကကျော် စုစုပေါင်း ဧက ၁၁၅၈၀ ကို စိုက်ပျိုး‌ရေပေးဝေရန် လျာထားလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆင်သေရေလှောင်တမံ အပါ အဝင် ရေလှောင်တမံ ၁၂ ခု၌ စိုက်ပျိုးရေအတွက် ပြည့်စုံလုံလောက်စွာ သိုလှောင်ထားရှိပြီးဖြစ်သဖြင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေးပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆင်သေရေလွှဲဆည်အစား နေရာပြောင်းရွှေ့တည်ဆောက်မည့် တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် (အသစ်) တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဆင်သေရေလွှဲဆည် (အသစ်) အတည်ပြုဒီဇိုင်းပုံစံများ၊ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ ရေလွှဲဆည်အူကြောင်း (Alignment) ရွေးချယ်ထားမှုအခြေအ‌နေ များကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အတည်ပြုဒီဇိုင်းပုံစံများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားပြီး သတ်မှတ်ဒီဇိုင်းစံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်‌ရေးအတွက် အကြိုတည်ဆောက်ရေးလုပ်ငန်းများကို ကြိုတင်လျာထားစီမံထားကြရန် ဆွေးနွေး မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခဲ့သည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအနီးရှိ ပွဲစားရေလွှဲဆည် အခိုင်အမာပြန်လည်ပြုပြင်နေမှုနှင့် ရေသောက်စနစ် ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်၊ တည်ဆောက်ပြီးကာလ ရေလွှဲဆည် ရေရှည်တည်တံ့အစဉ်ကောင်းမွန်စေရေးအတွက် ရေလွှဲဆည်၏လုပ်ထုံးလုပ်နည်းများ (Rule and Regulation) အတိုင်း အချိန်ကိုက်လည်ပတ်နိုင်ရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်၊ သဲနုန်းများပို့ချမှု လျော့ပါးစေရေးအစီအမံများ စူးစမ်းလေ့လာတင်ပြကြရန်နှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။