Skip to main content
x

ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာနတွင် ငါးလုပ်ငန်းဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ပုသိမ်ကြီး)တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား အောက်တိုဘာလ ၅ ရက် မှ ၈ ရက်နေ့အထိ နံနက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး ၊အောင်မြေသာစံမြို့နယ် သရက်ကုန်းငါးလုပ်ငန်းစခန်းဝန်းအတွင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ညီတိုး၊ ဒုတိယတိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးသိပ္ပံ(ပုသိမ်ကြီး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးများ၊ ငါးလုပ်ငန်း စခန်းတာဝန်ခံများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးမှ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယခုသင်တန်းတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ/ဆရာမများပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ဆရာ/ ဆရာမ တို့ သင်ကြားရေးတွင် ဆက်စပ်လျှက်ရှိသည့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း သည့်ဘာသာရပ်များအား သင်ကြားပို့ချရေးအပြင် လက်တွေ့များကို တစ်ပါတည်း သင်ကြား ပို့ချသွားမည်ဖြစ်ပါကြောင်း၊ စမ်းသပ်သုတေသနပြုလုပ်ရန်အတွက် ရေချို သုတေသနဌာန တွင်လည်း မွေးမြူရေးဆိုင်ရာသုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင် ရွက်နိုင်ပါကြောင်း၊  မြန်မာနိုင်ငံရဲ့ ငါးမွေးမြူရေးကဏ္ဍ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အထောက်အကူ ပြုနိုင်စေရန်  ငါးလုပ်ငန်းနှင့်ပတ်သက်ပြီး  ရရှိလာတဲ့ နည်းပညာအသစ်များ ကို လက်ဆင့်ကမ်း ဝေငှသွားရန်  တိုင်းရင်းငါးမျိုးများရေရှည် တည်တံ့ထိန်းသိမ်းနိုင်ရေးနဲ့ငါးသားပေါက်တွေကို မျိုးသုန်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်ပြီး မိမိတို့လုပ်ငန်းခွင် ရောက်ရှိတာဝန်ထမ်းဆောင်တဲ့ နေရာများရဲ့  ကျေးလက်နေ ပြည်သူများ၏ လူမှု-စီးပွားဘဝ များ တိုးတက်ကောင်းမွန်စေရန် ငါးမွေးမြူရေး နည်းပညာဖြန့်ဖြူး သင်ကြားပေးရန် ရည်ရွယ် ပြီး ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)နှင့် ပတ် သက်၍ ဆောင်ရွက်ထားရမည့်အခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း များ၊ မျိုးငါးပြုစုခြင်းနှင့်ဆေးထိုးသားဖောက်ခြင်း၊ Biofloc အစာမွေးမြူရသည့်အကြောင်း အရင်းနှင့် မွေးမြူနည်းအဆင့်ဆင့်နှင့်အစာမွေးမြူသုတေသနပြုစမ်းသပ်ချက်များ၊ ရေချိုငါးများ မွေးမြူထုတ်လုပ်ခြင်း၊ အပင်နှင့်ငါး(Aquaponic)တွဲဘက်မွေးမြူခြင်း၊ ငါးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ သက်ရှိအစာ ရေချို Chlorella မွေးမြူခြင်း၊ ငါးကြင်း၊ တီလားပီးယားနှင့် Catfish မျိုးစိတ်များ၏ နေထိုင်ကျက်စားမှု မွေးမြူ နည်းပုံစံများစသည့် ဘာသာရပ်များအားပို့ချပေးမည်ဖြစ်သည်။ သင်တန်းအား အောက်တိုဘာ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) မှ ဆရာ/ဆရာမ ၇ ဦးနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ သင်တန်းသား/ သူ ၁၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။