Skip to main content
x

ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၉

ခွေးရူးရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ တိရစ္ဆာန်ဆေးပညာကောင်စီနှင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပထမအကြိမ်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည့်အချက်များ အပေါ်အခြေခံ၍ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်ပြီး ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၏ လက်ရှိအခြေအနေ၊ နည်းပညာပိုင်း၊ လူ့စွမ်းအားအရင်းအမြစ်ပိုင်းနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များအပေါ်တက် ရောက်လာသူများက ပူးပေါင်းပါဝင်ဆွေးနွေးရန်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ (Mass Dog Vaccination) ကို လုပ်ငန်းစီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခွေးရူးရောဂါကာကွယ် ဆေးစမ်းသပ်ထုတ်လုပ်ရာတွင် စမ်းသပ်ထုတ်လုပ်မည့် ကာကွယ်ဆေး၏ အရည်အသွေး၊ လုံခြုံမှုနှင့်ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ထုတ်လုပ်သွားရမည် ဖြစ်သလို ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း။

ခွေးရူးရောဂါပိုးသည် လူကိုကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာ ကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပြီး လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်ထုတ်မည်ဆိုလျှင်လည်း အဓိကဆောင်ရွက်ရမည့်အပိုင်းများကို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော ခွေးရူးရောဂါကာကွယ်ဆေး ပြန်လည်ထုတ်လုပ်နိုင်ပါက ပြည်ပမှ တင်သွင်းမှုလျော့နည်းစေမည်ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်သည့်အတွက် နည်းပညာဆိုင်ရာ အကောင်းဆုံးအကြံဉာဏ်များ ဆွေးနွေးကြရန်မှာကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ခွေးရူးရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေ၊ ပဏာမလုပ်ငန်းညှိနှိုင်း အစည်းအဝေးရလဒ်များ၊ ဆဲလ်ပျိုးခြင်းနည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအခြေအနေ၊ ကြက်ဥပျိုးခြင်း နည်းပညာဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြုဆွေးနွေးကြသည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကျင်းပရေး ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရေး၊ ပြခန်းနေရာချထားရေးနှင့် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်ကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြခန်းခင်းကျင်းပြသကြမည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။