Skip to main content
x

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကျင်းပ

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး နှင့် ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး၊  သံတမန်များ၊ မြန်မာနိုင်ငံကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊   ဗဟိုသမဝါယမအသင်းလီမိတက် ၊ လယ်ယာကုန်ထုတ်နှင့် ကုန်သွယ်မှုသမဝါယမအသင်းများ မှ ကိုယ်စားလှယ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ပေးပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် သဝဏ်လွှာကို  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ဖတ်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် အောက်တိုဘာ (၁၆) ရက်နေ့ ကျရောက်တိုင်း လူသားတို့အတွက် စားနပ်ရိက္ခာ၏ အရေးပါ မှုကို သတိမူမိကြစေရန်  “ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)” အဖြစ် သတ်မှတ် ကျင်းပကြလျက်ရှိရာ ယခုနှစ်တွင် ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဖွဲ့စည်းတည်ထောင် ခဲ့သည့် (၇၆) ကြိမ်မြောက် အထိမ်းအမှတ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာ နေ့ ကျင်းပမှု (၄၁) နှစ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနား ကျင်းပရာတွင် နှစ်စဉ်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။

 

          ယခု ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) ဆောင်ပုဒ်ဖြစ် သည့် “Our Actions are our future. Better production, better nutrition, a better environment and a better life.”)  “Our Actions are our future. Better production, better nutrition, a better environment and a better life.” “ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမို ကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှု ဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်များကို ပြောင်းလဲဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးတာဝန်ဖြစ်ကြောင်းကို အလေးအနက် ပြောကြား လိုပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ် ရောဂါ ကျရောက်မှုကို ကြုံတွေ့ခံစားနေရပါကြောင်း။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား၍ အသွားအလာ ကန့်သတ်မှုကြောင့်  ထောက်ပံ့မှုလမ်းကြောင်းများ ထိခိုက်ခြင်း၊ သွင်းအားစုပစ္စည်းများရရှိမှု မလုံလောက်ခြင်း စသည့် အခက်အခဲများကြားမှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြတဲ့ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမွေးမြူသူ တောင်သူလယ် သမားကြီးများ၏ လယ်ယာစီးပွားလုပ်ငန်းရှင် စိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်မှု ကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း။

          ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများ ရှိသော်လည်း မြန်မာ့လယ်ယာကဏ္ဍတွင် လယ်ယာသားငါး ကုန်ထုတ်လုပ်မှုနှင့် ပြည်ပ တင်ပို့မှုကို အရှိန်မပျက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆန် မက်ထရစ်တန် ၂ ဒသမ ၅၈ သန်း၊ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၆ သန်း၊ ပြောင်း မက်ထရစ်တန် ၂ ဒသမ ၂ သန်း၊ နှမ်း မက်ထရစ်တန် ၀ ဒသမ ၁၇ သန်း၊ ရေထွက်ပစ္စည်း မက်ထရစ်တန် ၀ ဒသမ ၆၇သန်းကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုးပေးလျက်ရှိပါကြောင်း။ 

 

“ရေရှည်တည်တံ့ခိုင်မြဲသော စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်”တွင် အဓိက ပါဝင် ဆောင်ရွက်သူများဖြစ်ကြသည့် တောင်သူလယ်သမားများအတွက် ဈေးကွက်ရရှိနိုင်မှု၊ လယ်ယာထုတ်ကုန်များ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး မြင့်မားရေးအတွက် နည်းပညာလိုအပ်မှု ၊ ငွေကြေးအရင်းအနှီးလိုအပ်မှုစသည့် လိုအပ်ချက်ကြီး (၃)ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထိထိ ရောက်ရောက် ပံ့ပိုးပေးလျက်ရှိပါကြောင်း။

ပထမလိုအပ်ချက်ဖြစ်သည့် ဈေးကွက်ရရှိရေးအတွက် ကုန်သွယ်ဘက် နိုင်ငံများနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုစာချုပ်များ ချုပ်ဆိုခြင်း၊ သီးနှံ၊ တိရိစ္ဆာန် ပိုးမွှားရောဂါ ကင်းစင်ရေး ဆိုင်ရာ စာချုပ်များ ချုပ်ဆိုခြင်း၊ ပို့ကုန် အမယ်သစ်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်ရှာခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။

          ဒုတိယလိုအပ်ချက်ဖြစ်သည့် လယ်ယာထုတ်ကုန်များ ထုတ်လုပ်မှု စွမ်းအားနှင့် အရည်အသွေး မြင့်မားရေး၊ အန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် လယ်ယာ သားငါး ထုတ်ကုန်များ ရေရှည် ထုတ်လုပ်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP) နှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices-GAqP) များနှင့်အညီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ပေးလျက် ရှိပါကြောင်း။ ပြည်တွင်းပြည်ပ ဈေးကွက် လိုအပ်ချက်နှင့်အညီ အရည်အသွေး ကောင်းသော လယ်ယာသား ငါးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အရည် အသွေးကောင်း မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ရိတ်သိမ်း ချိန်လွန် နည်းပညာပိုင်း ဆိုင်ရာ လိုအပ်ချက်များကို သုတေသန ပြုလုပ်ဖြည့်ဆည်းပေးခြင်း၊ သုတေသန ရလာဒ်များ ကို တောင်သူများအား ပညာပေးခြင်း၊ အရည်အသွေး စစ်ဆေးသည့် ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင်ခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ 

          တတိယအချက်ဖြစ်သော ငွေကြေးအရင်းအနှီး လိုအပ်ချက်ကို ပုဂ္ဂလိက လုပ်ငန်းရှင် များ နှင့်ချိတ်ဆက်ရန် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ခြင်း၊ အထောက် အကူပြု စက်ပစ္စည်း ကိရိယာများကို သမဝါယမဦးစီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာန ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ငွေကြေးအဖွဲ့အစည်းများ၏ အရစ်ကျငွေ ချေစနစ်ဖြင့် ဝယ်ယူ နိုင်ရေး ဆောင်ရွက်ခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ နှစ်စဉ်ချေးငွေ၊ နှစ်ဆင့်ချေးငွေ အစီအစဉ် ဖော်ဆောင်ခြင်းစတဲ့ လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသော အစီအစဉ်များဖြင့် တိုးချဲ့ ဆောင်ရွက် နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း။

          ကမ္ဘာ့နိုင်ငံအသီးသီး၌ စားနပ်ရိက္ခာစနစ်ကို ပြောင်းလဲရေး ဖော်ဆောင်ရာတွင် တီထွင်ဆန်းသစ်သော စိုက်ပျိုးရေးနည်းပညာ (Industrial  Revolution 4.0 in Agriculture) ကို စတင်ကျင့်သုံး လျက်ရှိနေပါကြောင်း။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများဖြစ်သော မျိုးစေ့မှတ်ပုံတင်ခြင်း၊ မြေဩဇာနှင့် ပိုးသတ်ဆေးမှတ်ပုံ တင်ခြင်းလုပ်ငန်းများ နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ထောက်ခံချက်ပေးခြင်း လုပ်ငန်းများကို Online စနစ်ဖြင့် လျင်မြန်စွာဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများ၏ မေးမြန်း ချက် များကို Call Center များဖြင့် ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။ နည်းပညာ၊ ဈေးကွက်နှင့် ဈေးနှုန်း သတင်းစီးဆင်းမှု မြန်ဆန်စေရေးနှင့် အစားအစာ ဘေးကင်းလုံခြုံ ရေးဆိုင်ရာ စိစစ်ထောက်ခံမှု အချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန်အတွက် ICT နှင့် Digital နည်းပညာကို ယခုထက်ပို၍ ကျယ်ပြန့်စွာ အသုံးချ နိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံနှင့် နည်းပညာ ရရှိရေးတို့တွင် ပိုမိုရင်းနှီး မြှုပ်နှံခြင်းအားဖြင့် စားနပ်ရိက္ခာစနစ်ပြုပြင် ပြောင်းလဲရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

          မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်ရန် အရင်း အမြစ်ကောင်းများဖြစ်သော စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ခေတ်အဆက်ဆက်က ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံ၍ အိမ်နီးချင်း နိုင်ငံ များ၊ ကမ္ဘာ့နိုင်ငံများသို့ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝ သစ်တောထွက်ကုန်များကို တင်ပို့ရောင်းချနိုင်ခဲ့ခြင်းကြောင့် စားနပ်ရိက္ခာ ပင်မထုတ်လုပ်သည့် နိုင်ငံအဖြစ် အစဉ်အလာ ရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း။

          မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက် နှင့်အညီ စားနပ်ရိက္ခာဖူလုံရေး၊ လူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေးနှင့် ဒေသအချင်းချင်း ကြား၊ ဆင်းရဲ ချမ်းသာကွာဟမှု ကျဉ်မြောင်းရေးကို အလေးထားသည့် မူဝါဒကို ကျင့်သုံးလျက် ရှိရာ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆောင်ပုဒ်သည် မိမိတို့ ကျင့်သုံးလျက် ရှိသည့် မူဝါဒနှင့်လည်း လျော်ညီသည့်အတွက် ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သော အာဟာရ၊ ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ရရှိလာအောင် လက်တွဲကြိုးပမ်းကြပါရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

          ယင်းနောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွန်ကြားရေးမှူးချုပ် ၏ World Food Day 2021 Video Message နှင့် စားနပ်ရိက္ခာနှင့် အာဟာရဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုတို့ကိုပြသပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။