Skip to main content
x

အပင်တို့၏မျိုးရိုးဗီဇကိုမော်လီကျူလာနည်းပညာဖြင့်လေ့လာခြင်းအကြောင်းအသိပညာမျှဝေ သည့် စာတမ်းဖတ်ပွဲကျင်းပခြင်းအခမ်းအနား

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဝရတ်အစည်းအဝေးခန်းမ၌၊ ဒီဇင်ဘာလ (၆)ရက် မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် နိုင်ငံခြားပြန်ပညာတော်သင်များ၏ ပညာသင်ကာလ အတွင်းတွေ့ကြုံရသောအတွေ့အကြုံများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့သောသုတေသနစာတမ်းအကြောင်းအသိပညာမျှဝေသည့် သုတေသနစာ တမ်းဖတ်ပွဲ တစ်ရပ်ကိုကျင်းပခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ရှေ့ဆက်ဆောင်ရွက်သွားမည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် သုတေသနလုပ်ငန်းများဆောင်ရွက်ရေးတွင် ဖောက်ပြန်ပြောင်းလဲနေသောရာသီဥတုနှင့် တိုး၍လိုအပ်နေသောစားနပ်ရိက္ခာများအား အချိန်တိုအတွင်း ထုတ်လုပ်နိုင်ရန်၊ Bioinformatics နှင့် Molecular နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာတမ်းဖတ်ပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထွန်းရွှေနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

 စာတမ်းဖတ်ပွဲ၌ စာတမ်းရှင်ဖြစ်သည့် ဇီဝနည်းပညာသုတေသနဌာနစုမှ သုတေသနလက်ထောက်-၂၊ ဒေါက်တာမျိုးသွင်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Zhengzhou မြို့၊ Zhengzhou တက္ကသိုလ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Zhengzhou တက္ကသိုလ်၏ Zhengzhou Presidential Scholarship ၏အထောက်အပံ့ဖြင့်(၁.၉.၂၀၁၇) ရက်နေ့မှ (၁၅.၇.၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသောအပင်တို့၏မျိုးရိုးဗီဇကိုမော်လီကျူလာ နည်းပညာဖြင့်လေ့လာခြင်း ပါရဂူဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သောသင်တန်းအတွေ့အကြုံများနှင့် “Genome-wide Identification of the Bile Acid Sodium Symporter (BASS) Gene Family and Functional Characterization of Their Roles in Response to Abiotic Stress”ခေါင်းစဉ်ဖြင့်  စာတမ်းဖတ်ကြားရာAdvances in Genomics၊ Transcriptome Analysis and Application၊ SCI Paper Writing၊ Practices in Biology၊ Biological Computational Method and Application၊ Frontier of Life Sciences နှင့် Bioinformatics Research ဘာသာရပ်များကိုစာတွေ့လေ့လာခဲ့ရကြောင်း၊ သုတေသနလုပ်ငန်းများအနေဖြင့် ဆိုးရွားသောရာသီဥတုပတ်ဝန်းကျင်ရေမြေ၊ အထူးသဖြင့်စိုက်ပျိုးမြေတွင် ဆား(NaCl) ပါဝင်မှုလွန်ကဲသောအခြေအနေနှင့် ရေခန်းခြောက်မှုအခြေအနေတို့တွင် ဝါနှင့်Arabidopsis ပင်တို့၏တုံ့ပြန်မှုကို လေ့လာခဲ့ရပါကြောင်း၊ ထိုသို့လေ့လာရာတွင် Bioinformatics နည်းပညာနှင့် Molecular နည်းပညာများကိုအသုံးပြု၍ ဆား(NaCl)ပါဝင်မှုလွန်ကဲသောအခြေအနေနှင့် ရေခန်းခြောက်မှုအခြေအနေကိုတုံ့ပြန်မှုတွင် ပါဝင်ပတ်သက်နေသောမျိုးဗီဇတို့ကို ရှာဖွေဖော်ထုတ်၍ ၎င်းမျိုးဗီဇတို့၏လုပ်ငန်းဆောင်တာများကို အသေးစိတ်လေ့လာသော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုမှတဆင့် သုတေသနရလဒ်များကို နိုင်ငံတကာအဆင့်သိပ္ပံဂျာနယ် (၃)စောင်နှင့် ပါရဂူဘွဲ့ကျမ်း(၁)စောင်၊ စုစုပေါင်းစာတမ်း (၄)စောင်ကို ပြုစုရေးသားထုတ်ဝေခဲ့ပါကြောင်း၊ Bioinformatics နှင့် Molecular နည်းပညာများသည် နောက်ဆုံးပေါ်နည်းပညာများဖြစ်သည့်အလျောက် ဖွံ့ဖြိုးပြီးနိုင်ငံများ၌  တွင်တွင်ကျယ်ကျယ်အသုံးပြုနေသော နည်းပညာများဖြစ်ပါကြောင်း၊ ဖောက်ပြန်ပြောင်းလဲနေသောရာသီဥတုနှင့် တိုး၍လိုအပ်နေသော စားနပ်ရိက္ခာများအတွက် အချိန်တိုအတွင်း ထုတ်လုပ်နိုင်ရန်မှာ လက်ရှိအသုံးပြုနေသည့် အပင်မျိုးသစ်များ မွေးမြူထုတ်လုပ်သောနည်းပညာများကို Bioinformatics နှင့် Molecular နည်းပညာများနှင့် ပေါင်းစပ်အသုံးပြုသင့်ကြောင်း၊ ထို့အတူ ဗီဇပြုပြင်အပင်မျိုးသစ်များမွေးမြူထုတ်လုပ်နိုင်ရန် မိမိနိုင်ငံနှင့်သင့်လျော်သောဉပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း‌ ရေးဆွဲပြဌာန်းသင့်ပါကြောင်း၊ Molecular နှင့် Bioinformatics နည်းပညာများကို အသုံးပြုမည်ဆိုလျှင် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်များလည်း လိုအပ်နေသေးသည့်အတွက် ထိုလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းသင့်ပါကြောင်းနှင့် Bioinformatics နှင့် Molecular နည်းပညာများနှင့်ပတ်သက်၍လည်း ဆက်လက်သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကိုစာတမ်းဖတ်ကြားခဲ့ရာဒုတိယညွှန်ကြားရေးမှူးချုပ်မှစာတမ်းရှင်၏ လေ့လာဆည်းပူးခဲ့သော Bioinformatics နှင့် Molecular နည်းပညာများကိုမိမိတို့နိုင်ငံတွင်လည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာသင်၏အတွေ့အကြုံများနှင့်ပတ်သက်သည့် သင်တန်းများနှင့်ဆွေးနွေးပွဲများ ဆောင်ရွက်စေလိုကြောင်း၊ အဆိုပါနည်းပညာများကိုအသုံးပြု၍ ဆားငံဒဏ်နှင့်ရေခန်းခြောက်မှုဒဏ်ကိုတုံ့ပြန်မှုရှိသော မျိုးဗီဇများကိုရှာဖွေဖော်ထုတ်ပြီး ဆားငံဒဏ်နှင့်ရေခန်းခြောက်မှုဒဏ်ကိုခံနိုင်ရည်ရှိသော အပင်မျိုးသစ်များမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို ပိုမိုထိရောက်မြန်ဆန်လာစေရန် ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးအကြံပြုခဲ့ပြီး တက်ရောက်လာကြသည့် သုတေသီပညာရှင်အသီးသီးမှ သိလိုသည်များအားမေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။