Skip to main content
x

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ နှစ်ပတ်လည် သုတေသနလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ နဝရတ်ခန်းမ၌ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ သုတေသနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သုတေသနကဏ္ဍ  ပိုမိုဖွံဖြိုးတိုးတက်လာရေးအတွက် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနစု အသီးသီးမှတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနလက်အောက် ရှိ နယ်သုတေသနခြံများမှ ခြံတာဝန်ခံများလည်း Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာ မိမိတို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ Budget တွင် Project ပေါင်း (၈၄၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သလို ၂၀၂၂-၂၀၂၃ Budget တွင် Project ပေါင်း (၉၀၀)ကျော် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနအနေဖြင့် လူသားအရင်းအမြစ်ဖွံဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ပြည်တွင်း၊ပြည်ပမှ ဘွဲ့လွန်များရရှိကာ သုတေသနလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် ဘာသာရပ်ကျွမ်းကျင်ပညာရှင်များအဖြစ် မိမိတို့ဌာန၏ သုတေသန လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာစေရေးအတွက် မိမိတို့ သင်ယူလေ့လာခဲ့သည့် အဓိကဘာသာရပ်အလိုက်ဆက်နွယ်၍ အင်တိုက်အားတိုက် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် သုတေသနများတွင် သီးနှံစိုက်ချိန်သုတေ သနများကိုလည်းကောင်း၊ အစားအစာသိပ္ပံသုတေသနဆိုင်ရာ သုတေသနများကိုလည်းကောင်း၊ သဘာဝမြေသြဇာထုတ်လုပ်သုံးစွဲခြင်းဆိုင်ရာ သုတေသနများကိုလည်းကောင်း  ထည့်သွင်း အလေးပေးလုပ်ဆောင်ကြစေလိုပါကြောင်း‌ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စပါးသီးနှံဌာနခွဲနှင့် ယာသီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်း အမြစ်များဌာနခွဲနှင့် မျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့်သီးနှံကာကွယ်ရေးဌာနခွဲ၊ စက်မှုသီးနှံနှင့် နှစ်ရှည်ပင်များသုတေသနဌာနခွဲနှင့် ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးစီးပွား၊စိုက်ပျိုး မွေးမြူရေးစနစ်နှင့်နည်းပညာပြန့်ပွားရေးသုတေသနဌာနခွဲ၊ ရိတ်သိမ်းချိန်လွန်နည်းပညာသုတေ သနဌာနခွဲတို့တွင် ဌာနခွဲအလိုက် ညှိနှိုင်းဆွေးနွေးခြင်းများကို (၂)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။