Skip to main content
x

လယ်ယာထွက်စွန့်ပစ်ပစ္စည်းများမှ အဏုဇီဝမြေဆွေးပုံများပြုလုပ်ခြင်း သုတေသန

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးမှထုတ်လုပ်သော စွန့်ပစ်ပစ္စည်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိနေပါသည်။ စိုက်ပျိုးရေး ဆိုင်ရာ စွန့်ပစ်ပစ္စည်းဆိုသည်မှာ ကောက်ရိုး၊ ရိုးပြတ်၊ စပါးခွံ၊ ပြောင်းဖူးအူတိုင်များ၊ အခွံများ၊ ကြံကြိတ်ဖတ်များ စသည်ဖြင့်ပါဝင်ပါသည်။ ၎င်းစွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို အဆိပ်အတောက်ဖြစ်စေပြီး  ထိခိုက်စေနိုင်ပါသည်။ စိုက်ခင်းများမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများသည် တဖြည်းဖြည်းစုပုံလာပါက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်ပါသည်။ ၎င်းပစ္စည်းများကို ကောင်းစွာစီမံခန့်ခွဲမှုမရှိပါက စိုက်ပျိုးမြေများအပေါ် ထိခိုက်မှုများရှိလာပြီး စီမံခန့်ခွဲရာတွင် ကုန်ကျစရိတ်များ ရှိလာနိုင်ပါသည်။ ထို့ကြောင့် အကျိုးပြု အဏုဇီဝသက်ရှိများကိုအသုံးပြု၍ ၎င်းစွန့်ပစ်ပစ္စည်းများကို ဆွေးမြေ့စေကာ မြေဆွေးပြုလုပ် အသုံးချခြင်းသည် အကောင်းမွန်ဆုံးသော နည်းလမ်းဖြစ်ပါသည်။

          မြေဆွေးဆိုသည်မှာ အဏုဇီဝသက်ရှိများမှချေဖျက်ပြီး ရရှိလာသော တည်ငြိမ်ဆွေးမြေ့ သည့် အော်ဂဲနစ်ပစ္စည်းကို ဆိုလိုပါသည်။ ထရိုင်ခိုဒါးမားမျိုးစိတ်များသည် သစ်မာပင်များနှင့် သစ်ပျော့ပင်များကို ဆွေးမြေ့စေရာတွင် မြန်မြန်ဆန်ဆန်ချေဖျက်နိုင်သော အစွမ်းရှိသည့် မှိုမျိုးစိတ် များ ဖြစ်ကြပါသည်။ အီးအမ်ဆိုသည်မှာ အကျိုးပြုအဏုဇီဝများဖြစ်ပြီး သဘာဝတွင် ရှိနေသော အဓိကအားဖြင့် လက်တစ်အက်စစ်ဘက်တီးရီးယား၊ ဖိုတိုဆန်တစ်ဆစ်ဘက်တီးရီးယား၊ တဆေး၊ အက်တီနိုမိုင်းစီးနှင့် ဖာမန်းတက်မှိုများပါဝင်သောအရည်ဖြစ်ပါသည်။ မြေဆွေးပြုလုပ်ရာတွင် အီးအမ်ကိုအသုံးပြုခြင်းဖြင့် ဆွေးမြေ့မှုမြန်ဆန်စေပြီး အာဟာရကြွယ်ဝသော သဘာဝအကျိုးပြု မြေဩဇာများကို အလွယ်တကူရရှိစေနိုင်ပါသည်။ ယခုအခါတွင် သီးနှံအထွက်နှုန်း တိုးတက်စေရန် အတွက် ဓါတုမြေဩဇာများကို ပိုမိုသုံးစွဲလာကြသဖြင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါ သည်။ ထို့အပြင် ဓါတုမြေဩဇာဈေးနှုန်းများ မြင့်မားလာသဖြင့် တောင်သူများ စီးပွားရေးတွက်ခြေ ကိုက်မှုကိုလည်း ထိခိုက်လာပါသည်။ သို့ဖြစ်ပါ၍ အကျိုးပြုအဏုဇီဝသက်ရှိများကို အသုံးပြုပြီး လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို ဆွေးမြေ့စေကာ မြေဆွေးပြုလုပ်အသုံးချရန်၊ အကျိုးပြု အဏုဇီဝသက်ရှိများ လယ်ယာစွန့်ပစ်ပစ္စည်းအမျိုးမျိုးအပေါ် ဆွေးမြေ့ရန် ကြာချိန်နှင့်   မြေဆွေး အရည်အသွေးကိုနှိုင်းယှဉ်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ စပါးသီးနှံသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူးများမှ ဦးဆောင်ပြီး စိုက်ပျိုးရေးအဏုဇီဝသိပ္ပံ သုတေသနဌာနစု တာဝန်ခံ၊ ဒေါက်တာဝင်းစုမင်းနှင့် စပါးသီးနှံသုတေသနဗဟိုဌာန တာဝန်ခံ၊ ဒေါက်တာစန္ဒာမိုးတို့ပါဝင်သည့်အဖွဲ့မှ သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။ အဏုဇီဝမြေဆွေးပုံ များကို အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ခဲ့ပါသည်။

          အလျား ၆ ပေ၊ အနံ ၃ ပေနှင့် အမြင့် ၄ ပေရှိသော မြေဆွေးပုံ တစ်ပုံပြုလုပ်ရာတွင်

  • ထုံးအနည်းငယ်ဖြူးပေးရပါသည်။
  • ပထမအလွှာတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ (ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရိုး၊ ကြံမြှုပ်ချေး)များကို အလျား ၆ ပေ၊ အနံ ၃ ပေ တွင် ၁ ပေ အထူရရှိသည်အထိ ဖြန့်ခင်း  ရပါသည်။
  • ထရိုင်ခိုဒါးမားမှိုပွားစာ ၁၅၀ ဂရမ်ကို ဖွဲနုတစ်ပြီရော၍ ကျဲပက်ခြင်း (သို့) အသင့်သုံး အီးအမ်(၃)ဂါလံကို ပက်ဖျန်းပေးခြင်း ဆောင်ရွက်ရပါသည်။
  • နွားချေး ၁၅ ကီလိုဂရမ်ကို ထပ်မံ၍ကြဲပက်ရပါသည်။
  • ထို့နောက် ရေ ၄ ဂါလံကို နှံ့စပ်အောင်လောင်းပေးရပါသည်။
  • အထက်ဖော်ပြပါအလွှာလိုက် အစီအစဉ်အတိုင်း အနည်းဆုံး ၃ ကြိမ် (၄ ပေအမြင့်အထိ) စုပုံရပါသည်။
  • ထို့နောက် ပလတ်စတစ်ဖြင့် ဖုံးအုပ်ရပါသည်။
  • နှစ်ပတ်တစ်ခါ (သို့) တစ်လတစ်ခါ မြေဆွေးပုံအား အထက်အောက်လှန်ပေးရပါသည်။

ယခုဆောင်ရွက်ထားရှိသောသုတေသနမှ သဘာဝဇီဝမြေဆွေးများကို အသုံးပြုခြင်းဖြင့် တောင်သူများ လက်ရှိအသုံးပြုနေသော ဓါတုဗေဒပိုးသတ်ဆေး၊ မြေဩဇာများအတွက် ကုန်ကျ စရိတ်များကို လျှော့ချစေနိုင်ပြီး ဝင်ငွေများလည်း တိုးတက်လာစေမည်ဖြစ်ပါသည်။ အကျိုးပြု အဏုဇီဝသက်ရှိများကိုအသုံးပြု၍ မြေဆွေးများပြုလုပ်သုံးစွဲခြင်းဖြင့်လည်း အစားအစာလုံခြုံမှုနှင့် အန္တရာယ်ဖြစ်မှု၊ စားသုံးရန်စိတ်ချရမှု စသည်တို့ကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် ခြိမ်းခြောက်လျက်ရှိသော စိုက်ပျိုးရေးဆိုင်ရာထွက်ကုန်များတွင် ဓာတု ဓါတ်ကြွင်းအာနိသင် ကျန်ရှိနေမှုပြဿနာသည် လူသားတို့၏ကျန်းမာရေးအတွက် အလွန်ပင် အရေးကြီးလျက်ရှိနေပါသည်။ ပြည်ပပို့ကုန်သီးနှံများတွင်လည်း ဓာတ်ကြွင်းအာနိသင်ပြဿနာ ကြောင့် ပို့ကုန်အတွက်ထိခိုက်နစ်နာမှုများ၊ စီးပွားရေးအရဆုံးရှုံးရမှုများကို စိုက်ပျိုးသူတောင်သူ များ၊ ကုန်သည်များလည်း ထိခိုက်ခံစားနေကြရပါသည်။ ဇီဝမြေဆွေးများပြုလုပ်သုံးစွဲခြင်းဖြင့် လည်း အထက်ပါပြဿနာများကို ပြေလည်စေမည်ဖြစ်ပြီး စားသုံးသူ၊ စိုက်ပျိုးသူ၊ ကုန်သည်များမှ သည် နိုင်ငံတော်အထိ အကျိုးများစွာရှိစေမည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။