Skip to main content
x

ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေး သာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍ နှင့်ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကို မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံး အစည်းအဝေး ခန်းမ၌   ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များ အသင်း တို့မှ ဥက္ကဌများ နှင့် အလုပ်အမှု ဆောင်များ  တက်ရောက်ကြသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြား ရာ၌ နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို ဈေးကွက်စီးပွားရေး နှင့်အညီ မူဝါဒများ ချမှတ်ပေးခြင်း နှင့် တည်ဆဲဥပဒေများ နှင့် အညီ ထိန်းကျောင်းကြပ်မတ် ပေးခြင်း၊ ကုန်သွယ်မှု သဘောတူညီချက်များရရှိရေး ဆောင်ရွက်ပေးခြင်း စသည့် ပုဂ္ဂလိကပိုင်း ၏ ရင်းနှီးမြုပ်နှံမှု အခြေအနေကောင်းများ ဖော်ဆောင်နိုင်ရေး အတွက် ဆောင်ရွက်ပေးလျက် ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက် လိုအပ်ချက် ကို မျှော်မှန်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှု ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်လိုကြောင်း ၊ ပြည်သူလူထု၏ နေ့စဉ်စားသုံးမှု တွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေး သာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့ သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြေပဲ နှမ်း နေကြာ ပဲပုပ် ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုး လုပ်ကိုင်လျက်ရှိနေသော်လည်း ပြည်တွင်း၏ ဆီစားသုံးမှုတွင် မြေပဲဆီ နှင့် နှမ်းဆီ (၂)မျိုးကိုသာ အဓိက ထုတ်လုပ်သုံးစွဲမှုရှိနေကြောင်း၊ ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ခေတ်မီအဆင့်မြင့် ဆီစက် လုပ်ငန်း တွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်မည်ဆိုပါက လက်ရှိ ဆီကြိတ် ထုတ်လုပ်မှု၏ ဆီကြိတ်ဖတ်များတွင် ကျန်ရှိနေ သည့် ဆီ ၁၀% ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အပြင် ဆီကြိတ် ဖတ်များကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် မွေးမြူရေး တိရစ္ဆာန်အစာ အဖြစ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဖွဲနု၊ ဝါစေ့နှင့် ပဲပုပ် ကဲ့သို့သော ဆီများထုတ်လုပ်နိုင်ခြင်းဖြင့် ဘက်စုံမှ အကျိုးရှိလာနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြုပ်နှံမှု တိုးချဲ့ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အလားတူ ပြည်တွင်း စားသုံးဆီ ဖူလုံရေး အတွက် အချိန်တိုအတွင်း သိသာစွာ ဖြည့်ဆည်း ပေးနိုင်ရန် တစ်ဧက၏ ဆီထုတ်လုပ်မှု အမြင့်ဆုံး သီးနှံဖြစ်သည့် စပ်မျိုးနေကြာ သီးနှံစိုက်ပျိုးခြင်းကို လာမည့် စိုက်ပျိုးရာသီမှ စတင်၍ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဆီစက်လုပ်ငန်းရှင်များအပိုင်းက နေကြာဆီ ထုတ်လုပ်နိုင်ရေး အတွက် မျိုးစေ့ထုတ်လုပ်ရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် အကောင် အထည်ဖော် ဆောင်ရွက်ရေးနှင့် ခေတ်မီ ဆီစက် လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

     ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ၊ မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ် ဥက္ကဌ နှင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း တို့မှ ဥက္ကဌများ နှင့် အလုပ်အမှု ဆောင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်အလိုက် ဆီထုတ်လုပ်မှု ရောင်းချမှု နှင့် စားသုံးမှု အခြေအနေများ၊ တိုင်းဒေသကြီး ပြည်နယ်များအလိုက် နေကြာအထူးဇုံများ ထူထောင် ဆောင်ရွက်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး နှင့် နေကြာဆီထုတ်လုပ်ရေးဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြသည်။

     ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိလာသော နေကြာဆီကို ပြည်တွင်းဈေးကွက်၌ ရောနှောဆီ အဖြစ်သာ ရောင်းချနေမှုများရှိနေပြီး၊ ပြည်ပမှ တင်သွင်းလာသော နေကြာဆီများ ဈေးကွက်တွင် ကျယ်ပြန့်စွာ ဝင်ရောက်ရောင်းချနေသည်ကို တွေ့ရှိနေရကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း စားသုံးမှု တွင် ကျန်းမာရေး နှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် နေကြာဆီ ထုတ်လုပ် နိုင်ရေးအတွက် မိုးနေကြာ နှင့် ဆောင်းနေကြာ စုစုပေါင်းစပ်မျိုးနေကြာစိုက်ဧရိယာ ဧက(၁.၅)သန်း စိုက်ပျိုးရေးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အသင်းအဖွဲ့များဘက်က ပေါင်းစပ်ဆောင်ရွက် နိုင်မည့် အခြေအနေများကို ဖော်ထုတ် နိုင်ရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပ ရခြင်းဖြစ်ကြာင်း၊ မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက(၂၈)သိန်းကျော် ၊ နှမ်း စိုက်ဧက (၃၇)သိန်းကျော် နှင့် နေကြာ စိုက်ဧက(၆)သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ ဧက(၇၆)သိန်းကျော်ရှိကြောင်း၊ မြေပဲ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၁၈၆)ကီလိုဂရမ်၊ နှမ်း တစ်ဧက၏ ဆီထွက်နှုန်းမှာ (၉၁)ကီလိုဂရမ်၊ စပ်မျိုးနေကြာ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၂၈၈)ကီလိုဂရမ်ကျော်ထွက်ရှိ နိုင်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် စပ်မျိုးနေကြာအတွက် လိုအပ်သော မျိုးရရှိရေး၊ နည်းပညာနှင့်လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေး အပြင် အခြားသော သက်သာခွင့်များ ဖြည့်ဆည်းပေးနိုင်ရေး ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

crd www.agri.com.mm