Skip to main content
x

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှနှင့် ကိုးရီးယားသမ္မတနိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အာဆီယံဒေသတွင်းနိုင်ငံများအတွင်း အဏ္ဏဝါ သမုဒ္ဒရာ ပတ်ဝန်းကျင် အားကောင်းမွန် လာစေပြီး ရေရှည်တည်တံ့သောငါးလုပ်ငန်း ကဏ္ဍများဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပါဝင် တက်ရောက်သည့် နိုင်ငံများ၏ အဆင့်မြင့်အရာရှိများအကြား ဘုံသဘော တူညီချက် ကို ရယူ၍ အပြန်အလှန် ပူးပေါင်းဆောင်နိုင်မည့် လုပ်ငန်း နယ်ပယ်များ ကို ဖော်ထုတ်သတ်မှတ် အတည်ပြု သွားရန် ရည်ရွယ်၍ကျင်းပသည့် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ နှင့် ကိုးရီးယားသမ္မတ နိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဧပြီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

     အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်သည့် နိုင်ငံ (၆)နိုင်ငံများမှ နိုင်ငံအလိုက် ဆောင်ရွက်ရန် လုပ်ငန်းနယ်ပယ်များကို တင်ပြဆွေးနွေးကြရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မြန်မာနိုင်ငံအနေဖြင့်  အခုလိုအရေးပါတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကျန်းမာသန့်ရှင်းတဲ့ အဏ္ဏဝါရေပြင် အဖြစ် စဉ်ဆက်မပြတ် တည်ရှိနေဖို့ အမှိုက် သရိုက်များ နှင့် ညစ်ညမ်းမှုများအား ကာကွယ်နိုင်ရေး၊ ငါးသယံဇာတရေရှည်တည်တံ့ဖို့ တရားမဝင် ငါးဖမ်းဆီးခြင်းအား ပပျောက် အောင် တိုက်ဖျက်ရေး၊ ကမ်းနီးရေပြင်အတွင်း ဒေသခံ ရေလုပ်သားများနှင့်ပူးပေါင်းပြီး ငါးလုပ်ငန်းပူးတွဲစီမံခန့်ခွဲမှု လုပ်ငန်း များ အား တိုးချဲ့ ဆောင်ရွက်ခြင်း နှင့် ကမ်းဝေးငါးဖမ်းရေပြင် အတွင်း ငါးသယံဇာတထိန်းသိမ်းရေး ဇုန်များ ဖော်ထုတ် သတ်မှတ်ဆောင်ရွက်ရေး၊ ငါးသယံဇာတ တိုးပွားစေရေး အတွက် ငါးနယ်ငါးထိုင်ရေပြင်များအား ကာကွယ်ခြင်း ၊ ရေငန်ငါးမွေးမြူခြင်းနည်းပညာများ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေးလုပ်ငန်းနယ်ပယ်များတွင် အဖွဲ့ဝင်နိုင်ငံများ နှင့်အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားသည်။

     ကိုရီးယားသမ္မတနိုင်ငံ၏ အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန က ဖိတ်ခေါ်၍ ကိုရီးယားသမ္မတနိုင်ငံ၏ အဏ္ဏဝါ သမုဒ္ဒရာသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၏ စီစဉ် မှုဖြင့် ကျင်းပခြင်း ဖြစ်သည့် အဆိုပါအစည်းအဝေးသို့ ကိုရီးယားသမ္မတနိုင်ငံ၏ အဏ္ဏဝါ သမုဒ္ဒရာ နှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sang Keun Song ၊ အာဆီယံ အတွင်းရေးမှူးရုံး အဖွဲ့များ နှင့် ပင်လယ်ကမ်းရိုးတန်းများ ကိုပိုင်ဆိုင်သည့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ ဖြစ်သော အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်နှင့် ထိုင်း နိုင်ငံများ မှ အဆင့်မြင့် အရာရှိကြီးများ ၊ အဏ္ဏဝါ သမုဒ္ဒရာ နှင့် ငါးလုပ်ငန်းဆိုင်ရာသုတေသနပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။