Skip to main content
x

နေပြည်တော်ကောင်စီဒေသ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ရှေ့ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသိပညာ မျှဝေ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်ကို ပိုမိုအားကောင်း လာစေရေး နှင့် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်  နေပြည်တော် ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပြီး Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်အောင် ဆောင်ရွက်၍ အခြားတိုင်း ဒေသကြီးနှင့်ပြည်နယ်များ၏ စံပြနယ်မြေတစ်ခု ဖြစ်လာစေရေး အတွက် ကြိုးပမ်း ဆောင်ရွက်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ အသိပညာ မျှဝေ ဆွေးနွေးပွဲ ကို ဇွန်လ(၁၅) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

     ဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  က အမှာစကားပြောကြားရာ ၌ ဧရိယာ စတုရန်းမိုင်ပေါင်း(၂,၇၂၄)ကျော် နှင့် ဆည်၊ တာ၊ တမံ နှင့် ကန်ပေါင်း(၃၂)ခု ရှိကာ ရာသီဥတုမျှတ၍ မြေဆီဩဇာကောင်းမွန်သည့် နေပြည်တော်ကောင်စီနယ်မြေ ၌ စိုက်ပျိုးမြေဧရိယာ ဧကသုံးသိန်းနှစ်သောင်းကျော် တွင် သီးနှံများ စိုက်ပျိုးထုတ်လုပ် လျက် ရှိသကဲ့သို့ မွေမြူရေးလုပ်ငန်များအတွက်ပါ အခြေခံကောင်းများရှိနေကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ချောထုတ် စက်မှု လုပ်ငန်းများဖွံ့ဖြိုး လာရေးအတွက်လည်း အခွင့်အလမ်းများစွာရှိနေကြောင်း၊ နေပြည်တော်ကောင်စီ ၊ သက်ဆိုင်ရာဌာနများ နှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရည်မှန်း ချက်များအောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

     ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး နှင့် ဆက်စပ်ဆောင်ရွက် ပေးလျက်ရှိသည့် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများ၏ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းလွယ်ကူမှု၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် နိုင်ငံတော်၏ Ease of Doing Business အဆင့် တိုးတက်လာရေးကို ရည်ရွယ်ဆောင်ရွက်နေမှုများ၊ နေပြည်တော် အတွင်း လယ်ယာ ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။

     ထို့နောက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution-DOSo)စနစ်၏ သရုပ်ဖော်ဗီဒီယိုကိုပြသပြီး နေပြည်တော် အတွင်း လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က လည်းကောင်း၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(၂၀၁၆)နှင့်စပ်လျဉ်း၍ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုး က လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်အနေဖြင့် (၅) နှစ် ခံစားခွင့်ရှိသည့်  အားသာ ချက်များရှိကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်(CMEC) နှင့် မဲခေါင်ဒေသခွဲ (GMS) စီးပွားရေး စင်္ကြန်များပေါ်တွင် တည်ရှိခြင်း၊ ရေနှင့် လျှပ်စစ်မီးကောင်းမွန်ခြင်း၊ ကျေးလက်လုပ်သား အလွယ်တကူရရှိနိုင်ခြင်း၊ စိုက်ပျိုးရေးသုတေသန နှင့် ပညာပေး ဝန်ဆောင်မှုများ ချိတ်ဆက် နိုင်ခြင်း၊ ကုန်ကြမ်း ထွက်ရှိရာဒေသများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်းအပြင် အစိုးရရုံးစိုက်ရာ မြို့ ဖြစ်သည့် အတွက် လိုအပ် သော ဆုံးဖြတ်ချက် နှင့် လုပ်ငန်းခွင့်ပြုချက်များရယူရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင် သဖြင့် ရင်းနှီး မြုပ်နှံသူများ ရွေးချယ် သင့် သည့် စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ကြောင်း သတင်း ရရှိသည်။

 

crd; www.agri.com.mm