Skip to main content
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မုတ်သုံ လျှပ်တစ်ပြက် Futsal အားကစား ပြိုင်ပွဲ နှင့် ဌာနပေါင်းစုံ အမျိုးသား ဘော်လီဘော ပြိုင်ပွဲများ ကျင်းပ

နိုင်ငံတော်အစိုးရ က တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး အတွက် ဦးတည်ချက် ချမှတ် ဆောင်ရွက်မှု အပေါ် လက်တွေ့ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများ ၏ လုပ်ငန်း ကျွမ်းကျင်မှု တိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မား ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုအပြင် ဝန်ထမ်း များ၏ စိတ်အပန်းပြေ ပျော်ရွှင်စေရေး၊ ဝန်ထမ်းတိုင်း မိမိတို့ ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာ ရေး နှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများ တွင် ပါဝင် ဆောင်ရွက်နိုင်ရေး၊ ဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် မှု အားကောင်း လာစေရေး တို့ အတွက် ရာသီအလိုက် အားကစား ပြိုင်ပွဲများ ကျင်းပပေးနေခြင်း ဖြစ် ကြောင်း၊ ဇွန်လ(၂၇)ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဖူဆယ် (Futsal) အားကစားရုံ ၌ ကျင်းပပြုလုပ်သည့် မုတ်သုံ လျှပ်တစ်ပြက် ဖူဆယ်(Futsal) အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     မုတ်သုံလျှပ်တစ်ပြက် ဖူဆယ်(Futsal) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့ ပြည်ထောင်စု ဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ အရာထမ်း အမှုထမ်းများနှင့် ဦးစီးဌာန အလိုက် နိုင်ငံဝန်ထမ်း ဖူဆယ်(Futsal)အားကစားအသင်းများ တက်ရောက်ကြသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာ စကားပြောကြားပြီး အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ် များ နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း ဖူဆယ်(Futsal)အားကစားအသင်းများ ၏ ယှဉ်ပြိုင် မှုများကို ကြည့်ရှုအားပေး ခဲ့ကြသည်။

     အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ က ဇေယျာသီရိမြို့နယ် အ.ထ.က (၁)  အားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဌာန ပေါင်းစုံ အမျိုးသား ဘော်လီဘော ပြိုင်ပွဲ သို့ တက်ရောက် ၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ် ပေးကြပြီး ဦးစီးဌာန အလိုက် နိုင်ငံဝန်ထမ်း ဘော်လီဘော အားကစား အသင်းများ ၏ ယှဉ်ပြိုင် မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။