Skip to main content
x

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ၏ ရာသီဥတု နှင့် ကောက်ပဲသီးနှံ နှစ်ချုပ် အစီရင်ခံစာစာရင်း အရ  ၂၀၂၀- ၂၀၂၁ခုနှစ် တွင် စိုက်ပျိုးမြေ ဧရိယာ စုစုပေါင်းဧက (၃၄.၃၅၄)သန်း ရှိခဲ့ပြီး ၂၀၂၁- ၂၀၂၂ခုနှစ်တွင် စိုက်ပျိုးမြေ ဧရိယာ စုစုပေါင်းဧက(၃၄.၅၀၃) သန်း ရှိသဖြင့်  ဧကပေါင်း(၁၄၈၀၀၀)ကျော်ခန့် တိုးလာကြောင်း၊ ယင်းအခြေအနေကောင်း ကို ထိန်းသိမ်းထားရန် နှင့် ပိုမိုတိုးတက်လာစေရန် တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်း ကြရန်လိုကြောင်း၊   ဇန်နဝါရီလ (၂၇)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၈)ကြိမ်မြောက် အစည်းအဝေး တွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။

     ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က ဆက်လက် ပြောကြားရာတွင် နိုင်ငံတော်အစိုးရ က ချမှတ်ပေးထားသည့် မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် လယ်မြေများကို အခြားနည်းသုံးစွဲခွင့် ပေးအပ်ခြင်းမပြုပါရန် နှင့် အထွက်တိုး မျိုးကောင်း မျိုးသန့်စပါးများ စိုက်ပျိုးပြီး ဝမ်းစာဖူလုံစေရေး နှင့် ပို့ကုန် တိုးမြှင့်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြေကိုထာဝရစွန့်လွှတ်လိုက်ရသော မြေယာ ပိုင်ရှင်များ ကို နစ်နာကြေး၊ လျော် ကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိဘဲ ခံစားရမှာဖြစ်သကဲ့သို့ တစ်ဘက်တွင် လည်း နိုင်ငံတော် ၏ မြေကြီး မြေပုံစာရင်းဇယားမှန်ကန်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အား ကြန့်ကြာမှုမရှိစေဘဲ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် အသုံးပြုထားမှု နှင့် ပတ်ဝန်းကျင်မြေအခြေအနေ အရ စိုက်ပျိုးမြေ အဖြစ် အသုံးပြုရန် မဖြစ်နိုင်သည့် မြေများ ရှိနေကြောင်း၊ အချို့သောကိစ္စရပ်များတွင် စာရင်းအရ လယ်ယာမြေ ဖြစ်နေသော်လည်း မြေပြင်၌ မြို့မြေ၊ ရွာမြေ နှင့် အဆောက်အဦများအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုနေသည့် မြေနေရာများရှိနေကြောင်း၊ အလားတူ ကာယကံရှင်များ၏ မသိနားမလည်မှုနှင့် အကြောင်း တရားအမျိုးမျိုးကြောင့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုချက်မရထားသည့် ကိစ္စရပ်များ ရှိနေခြင်းအပေါ် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

     အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများအား တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်း အကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

     ယနေ့ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၈)ကြိမ်မြောက် အစည်းအဝေး တွင် ခေတ်ကာလ အဆက်ဆက်က နိုင်ငံတော်အကျိုး ၊အများပြည်သူအကျိုး အတွက် နိုင်ငံတော် ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့သော လယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေ ပိုင်ရှင် တောင်သူ လယ်သမားများ နှင့် မြေရှင်များ နစ်နာမှုမရှိစေရန် တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများ နှင့်အညီ သက်ဆိုင်ရာဘဏ္ဍာ နှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီပေးလျော်နိုင်ရန် ကိစ္စရပ်များ၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ အရ စိုက်ပျိုးမှု တည်ငြိမ်ဖြစ်ထွန်း အောင်မြင်လျက် ရှိသည့် မြေလွတ်၊မြေလပ် နှင့် မြေရိုင်းလုပ်ပိုင်ခွင့်ရမြေ ကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထားလာသောကိစ္စရပ်၊ ဌာနဆိုင်ရာများမှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် တင်ပြလာသော ကိစ္စရပ်များ ၊ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ၊ ညွှန်ကြားချက်များ နှင့်အညီ စိစစ် ဆုံးဖြတ် ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။