Skip to main content
x

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးတိုင်းဒေသကြီးအတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် ကြိုတင်စီမံဆောင်ရွက်သင့်သည်များ ကြည့်ရှုစစ်ဆေး

     အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နိုင်ခြင်းနှင့် ဒေသအတွင်းလျှပ်တစ်ပြက်(Flash Flood) ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိရစ္ဆာန်အစာရေစာများ ရှားပါးလာနိုင်​သဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် ရေအလေအလွင့်မရှိစေရေးအတွက် မိုးကာလမကုန်မီ ရေရရှိနိုင်သလောက် စုဆောင်း၍ သိုလှောင်ထားကြရန် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ရှင်းလင်းတင်ပြ

     ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကျီးနီ ကန်၏ ရေဝင်ရောက်မှုအခြေအနေ နည်းပါးလာသဖြင့် ဒေသအတွင်း ရရှိနိုင်မည့် ရေအရင်းအမြစ် ရှာဖွေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

    ထိုမှတစ်ဆင့် သာစည်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန ရွှေဒါးမျိုးသန့်ခြံ၌ ဒေသမျိုးအပါအဝင် ဥဇဘက်ကစ္စတန် ဝါမျိုးသစ် ရှစ်မျိုးစမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် အပင်ဖြစ်ထွန်းမှု၊ ဝါဂွမ်းမွေးအရည် အသွေးနှင့် ဝါဂွမ်းချည်မျှင်ဆန့်ထွက်နိုင်မှုပမာဏတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များ ဆွေးနွေးမှာကြားသည်။

    ယင်းနောက် ပျော်ဘွယ်မြို့နယ်ရှိ မင်းရာမရေလွှဲဆည်သို့ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူက ရေလွှဲဆည်အတွင်း စီးဆင်းနေသည့် စွေ့ချောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

    ထိုမှတစ်ဆင့် ပျော်ဘွယ်မြို့နယ်ရှိ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အခြေခံ ရေတိုင်းနှင့် မြေတိုင်းသင်တန်းကျောင်းသို့ရောက်ရှိ စစ်ဆေးပြီး သင်ကြားရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခေတ်နှင့်အညီ ကွင်းဆက်မပြတ် ဖြည့်တင်းနိုင်ရေးအတွက် စိစစ်တင်ပြနိုင်ရေး စီမံဆောင်ရွက်ရန်၊ စိုက်ပျိုးမြေ အသုံးချမှုအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

    ယင်းနောက် မွေးမြူရေးသုတေသနစခန်း (ပျော်ဘွယ်)သို့ ရောက်ရှိပြီး တိရစ္ဆာန်အစာအာဟာရ အတွက် သုတေသနပြုစိုက်ပျိုးထားသောမြက်များနှင့် ခြံအတွင်း တူးဖော်ထားသော စက်ရေတွင်း၏ ရေအရည်အသွေးကို စမ်းသပ်စစ်ဆေးပြီး ရေတွင်းများမှတစ်ဆင့် ခြံအတွင်းသို့ ရေဖြန့်ဖြူးသည့်စနစ်ကို သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

    ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သဖန်းချောင်းရေလှောင်တမံသို့ ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံမှ စိုက်ပျိုးရေပေးဝေသော ရေပမာဏအပေါ်မူတည်၍ စိုက်ပျိုးသည့်သီးနှံပုံစံနှင့် ရေသုံးစွဲမှုအပေါ် အသေးစိတ်လေ့လာဆန်းစစ်ပြီး ရေအသုံးချမှု အစီရင်ခံစာပြုစုနိုင်သည်အထိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   

Source : မြန်မာ့အလင်းသတင်းစာ