Skip to main content
x

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း ရေးဆွဲပြုစုရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

      အစည်းအဝေးသို့ SOP ရေးဆွဲပြုစုရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စံလုပ်ထုံးလုပ်နည်း(SOP)တွင် မြို့/ရွာနယ်နိမိတ်အတွင်း ကျရောက်ခြင်း၊ မြို့/ရွာနယ်နိမိတ်အပြင် တည်ရှိခြင်းအား စိစစ်ပိုင်းခြားမည့်အချက်ကို တိတိကျကျထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်မံမဖြစ်ပွားစေရေးအတွက် ယခင်ဖြစ်ပွားခဲ့သော ကျူးလွန်အသုံးပြုမှုများကို ဒဏ်ကြေးပြစ်ဒဏ်ချမှတ်ရာတွင်လည်း ထိရောက်ဟန့်တားလောက်သည့် ဒဏ်ကြေးငွေပမာဏ သတ်မှတ်ရန်လိုအပ်ကြောင်း၊ အလားတူချမှတ်သည့် ပြစ်ဒဏ်အမိန့်ကို လိုက်နာဆောင်ရွက်မှုမရှိပါက လယ်ယာမြေအား နိုင်ငံပိုင်သိမ်းဆည်းနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေးပေးကြစေလိုကြောင်း။

    လာမည့်ကာလများတွင် လယ်ယာမြေကို စည်းကမ်းတစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း တာဝန်ရှိသူများက လယ်ယာမြေဥပဒေအရလည်းကောင်း၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေအရလည်းကောင်း၊ အခြားဆက်စပ်ဥပဒေများအရလည်းကောင်း ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်၍ ချက်ချင်းအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  လက်ရှိကြုံတွေ့နေရသည့် မြေယာကိစ္စများတွင် မှားယွင်းဆောင်ရွက်ခဲ့မှုများ၊ ရောင်းမှားဝယ်မှားဖြစ်ခဲ့မှုများရှိသကဲ့သို့ ဥပဒေကိုသိလျက် စီးပွားရေးအရ အမြတ်ထုတ်လိုမှုကြောင့် ဆောင်ရွက်ထားမှုများလည်းတွေ့ရှိရကြောင်း၊ ပြည်သူလူထုအနေဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် ဌာနဆိုင်ရာအသီးသီးက တိကျစွာ ကြပ်မတ်ကျင့်သုံးပေးကြရန်လိုကြောင်း ပြောကြားသည်။

   ထို့နောက် (SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီအတွင်းရေးမှူးက စံလုပ်ထုံးလုပ်နည်း(SOP)တွင်ပါဝင်မည့် အချက်အလက်များကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

    လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP)မူကြမ်း ရေးဆွဲပြုစုခြင်းသည် လယ်ယာမြေများအပေါ် ဥပဒေမဲ့လုပ်ဆောင်နေမှုများအား စီမံခန့်ခွဲခြင်းလုပ်ငန်းများကို တည်ဆဲလယ်ယာမြေဥပဒေ၊ ဆက်စပ်ဥပဒေများနှင့်အညီ လွယ်ကူလျင်မြန်စွာ အရေးယူဆောင်ရွက်နိုင်စေရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။