Skip to main content
x

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစီမံကိန်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ လျာထားဧကပြည့်မီအောင် စိုက်ပျိုးရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူများ အဓိကလိုအပ်သော ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ အချိန်မီထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား တွန်းအားပေးဆောင်ရွက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး

ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုနှင့် သဲနုန်းဖုံးခြင်းမှ ကာကွယ်ရန်အတွက် ဦးအောင်သောင်း  ရိုးလျှိုပိတ်တမံနှင့် ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ရေလှောင်တမံများကြည့်ရှုစစ်ဆေး

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ကြက်မောက်တောင်ရေလှောင်တမံနှင့် ဆည်ရေသောက်စနစ်များကို ကြည့်ရှုစစ်ဆေးပြီး သဲဆန်သည့် စိုက်ဧရိယာများတွင် ရေအစက်ချစနစ် (Drip) သို့မဟုတ် ရေဖျန်းစနစ် (Splinker) များဖြင့် စံနမူနာပြလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မိတ္ထီလာမြို့နယ် ရှမ်းမငယ်ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထုတ်လုပ်မည့် သီးနှံများ၏ ရေလိုအပ်ချက်နှင့် စိုက်ပျိုးရေပေးဝေမှု ဟန်ချက်ညီဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။