Skip to main content
x

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက်အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သည့် သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်လှစ်

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သော သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ကောင်စီလမ်းပေါ်ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့် ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားပထမပိုင်းအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန်နှင့် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံ ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက အဆောက်အအုံရှိ အထိမ်းအမှတ်ကမ္ပည်းကြေးပြားကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အစီအစဉ်ဒုတိယပိုင်းကို အဆောက်အအုံခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာတွင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုသည့် မဲခေါင်ဒေသခွဲအား အကျိုးရှိစေသော စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အခြေခံသော ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၁၇)  ခုနှစ်မှစ၍ (၂၀၂၃) ခုနှစ်အထိ အသေးစားနှင့် အလတ်စားစီမံကိန်း စုစုပေါင်း ၁၀၆ ခု ဆောင်ရွက်ခဲ့ရာ စီမံကိန်း ၃၅ ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာဖွင့်ပွဲအခမ်းအနားသည် လည်း အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း။

အဆိုပါစီမံကိန်းအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လူအင်အားအသုံးပြု သီးနှံစိုက်ပျိုးမှုစာရင်းများ  ကောက်ယူမှုအခြေအနေမှ မောင်းသူမဲ့လေယာဉ် (Drone) အသုံးပြုလျက် သီးနှံစိုက်ပျိုးမှု စာရင်းကောက်ယူသည့် စနစ်တစ်ခု ထူထောင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍  Remote Sensing and GIS နည်းပညာများကို အသုံးပြုပြီး အဆိုပါကောက်ယူရရှိထားသည့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းကိုပါ ဆန်းစစ်အကဲဖြတ်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က စီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်အား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အဆောက်အအုံနှင့် ပတ်သက်သော စာရွက်စာတမ်းများကို ကုမ္ပဏီမှ တာဝန်ရှိသူက လွှဲပြောင်းပေးအပ်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။