Skip to main content
x

စိုက်ပျိုးရေပိုမိုတိုးတက်ရရှိနိုင်ရေးအတွက် ဒေသအလိုက်ရေရရှိရေးနည်းလမ်းများ စူးစမ်းရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီး ကျောက်ချက်တံတား အောက်ဆင်သေချောင်းအတွင်း တစ်နှစ်ပတ်လုံး ရေထိန်းထားရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ယာယီရေထိန်းတမံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာကာ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုများ လျော့နည်းလာခြင်းနှင့် ယခုနှစ်အယ်လ်နီညိုကာလဖြစ်စဉ်များကြောင့် စိုက်ပျိုးရေပိုမိုတိုးတက်ရရှိနိုင်ရေးအတွက် ဒေသအလိုက် ရေရရှိရေးနည်းလမ်းများ စူးစမ်းရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုတည်ဆောက်လျက်ရှိသည့် ဆင်သေချောင်း ယာယီချောင်းပိတ်ဆည်အနီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြင်းကောင်ရေ ၁၀ ကောင်ရှိသော ဆိုလာရေတင်စက်ရုံ တပ်ဆင်ထားရှိပြီး အနီးပတ်ဝန်းကျင်ရှိ လယ်မြေများသို့ စိုက်ပျိုးရေပေးဝေလျက်ရှိရာ ယာယီရေထိန်းတမံ တည်ဆောက်မှုလုပ်ငန်းပြီးစီးပါက ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ဖွံ့ဖြိုးရေးကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအနီးရှိ ပုလွေးချောင်းပေါ်တွင် ယာယီရေထိန်းဆည်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ပုလွေးချောင်း ယာယီရေထိန်းဆည်တွင် စိုက်ပျိုးရေရရှိစေရေးလုပ်ငန်းတစ်ခု၊ ရိုးနှင့် ချောင်းများပေါ်တွင် ရေမြှင့်အဆောက်အအုံတည်ဆောက်၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်းသုံးခု၊ ရေသွယ်မြောင်း ဖောက်လုပ်၍ စိုက်ပျိုးရေရရှိရေးလုပ်ငန်းသုံးခုတို့ ပါဝင်သဖြင့် လုပ်ငန်းများ အားလုံးပြီးစီးပါက ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ ပိုမိုတိုးတက်ပေးဝေနိုင်မည်ဖြစ်ပြီး ဆင်အုံကန်ကို ရေကူဖြည့်တင်းပေးခြင်းမှတစ်ဆင့် ဆင်အုံကန်အောက်ပိုင်း ရေသောက်စိုက်ပျိုးမြေ ဧရိယာ ၄၆၀၇ ဧက၏ နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးမှာကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သာစည်ကျေးရွာအနီး ရုံးပင်ချောင်းပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ယာယီရေထိန်းဆည်တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ ရေသောက်ဧရိယာများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ရုံးပင်ချောင်းပေါ်တွင် ယာယီရေထိန်းဆည်ပြုလုပ်၍ မဒန်းဆည်ရေသောက်စနစ် လက်တံမြောင်းအမှတ်(၂) လက်တံခွဲ(၅)သို့ ရေကူဖြည့်တင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းခန့် လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ရုံးပင်ချောင်းယာယီရေထိန်းဆည် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက စိုက်ပျိုးဧရိယာ ဧက ၅၅၀ ကို ရေကူပေးဝေနိုင်မည်ဖြစ်သောကြောင့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်မည်ဖြစ်၍ ဒေသ၏သီးနှံစိုက်စွမ်းအားများ ပိုမိုတိုးတက်လာစေခြင်းနှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။