Skip to main content
x

မြစ်ရေတင်နှင့်ဆည်ရေသောက်ဒေသများတွင် စပါးအထွက်တိုးရေးနှင့် စိုက်ပျိုးရေခြွေတာရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်လို

နေပြည်တော် ဇွန် ၁၃     

ဈေးကောင်းရသည့် တန်ဖိုးမြင့် သီးနှံများကို အရည်အသွေးကောင်း ထုတ်လုပ် နိုင်မှသာ စိုက်ပျိုး ထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ သီးနှံပုံစံအလိုက် ရင်းနှီး မြုပ်နှံမှုနှင့် အကျိုးအမြတ်၊ ဈေးကွက်သေချာမှု အခြေအနေများ ကို တောင်သူသိရှိ ဆောင်ရွက် နိုင်စေရန် ဆွေးနွေးအကြံပြုပေးခြင်း၊ အများဆုံး အကျိုးအမြတ် ရရှိမည့် သီးနှံပုံစံ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများ ပေးရန် လိုအပ်ကြောင်း၊ မြစ်ရေတင်နှင့်ဆည်ရေသောက်ဒေသများတွင် စပါးအထွက်တိုးရေးနှင့် စိုက်ပျိုးရေခြွေတာရေးအတွက် ခေတ်မီနည်းစနစ်များ အသုံးပြု နိုင်ရေးစီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ၌ ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူများ နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ရာသီဥတုပြောင်းလဲသက်ရောက်လာမှုကြောင့် စိုက်ပျိုးရေအခက်အခဲများ ကြုံတွေ့ကြရမှုအပေါ် ထိရောက်စွာဖြေရှင်းနိုင်ရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေ ဖော်ထုတ် အသုံးပြုနိုင်ရေး နှင့် ရှိပြီးရေသောက်စနစ်များမှ ရေအလေအလွင့်မရှိ သုံးစွဲ နိုင်ရေး လုပ်ငန်းများကို  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မကွေး တိုင်းဒေသကြီး အောင်လံမြို့နယ် စိုက်ပျိုးမြေဧက ၇၉၃၀ ကို အကျိုးပြုလျက်ရှိသည့် ဒုရင်္ဂဗိုလ် မြစ်ရေတင်လုပ်ငန်းအား ကွင်းဆင်း စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က ဌာဆိုင်ရာ တာဝန်ရှိသူများ ရေသုံးစွဲသူအဖွဲ့ဝင်တောင်သူများ နှင့် တွေ့ဆုံ၍ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာကျင့်သုံးခြင်းဖြင့် စိုက်ပျိုးရေ အလေအလွင့်မရှိ သုံးစွဲရေး၊ မိုးစပါး အောင်ရေ အပြည့်အဝပေးနိုင်ရေး၊ ဒုတိယသီးနှံကို နွေစပါးအပြင် ရေအနည်းလို သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး၊ ရေပေး မြောင်းများ ရေသောက်စနစ်များ ကောင်းမွန်ရေး ၊ စိုက်ပျိုးရေစနစ်တကျ စီမံခန့်ခွဲနိုင်ရေး နှင့် စက်မှုလယ်ယာစနစ်ကျ လယ်မြေများ ဖော်ထုတ် လုပ်ကိုင်နိုင်ရေး ဆိုင်ရာများ ဆွေးနွေးမှာကြားသည်။ 

အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မြောက်နဝင်းရေလှောင်တမံ၏ ဝင်ရေ သိုလှောင်ထိန်းသိမ်းထားရှိမှုနှင့် တမံကြံ့ခိုင်မှုများကိုလည်းကောင်း၊ ရေသောက် စနစ် နှင့် အကျိုးပြု ဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ကွင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေစီမံခန့်ခွဲမှုဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်ရေး ၊ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် အသိပညာပေးဆွေးနွေးရန် လိုအပ်ချက် များကိုလည်းကောင်း၊ ဆည်၏ သိုလှောင်ရေ လက်ကျန်နှင့် သီးနှံအမျိုးအစားအလိုက် ရေပေးဝေမှုစနစ် ရေးဆွဲဆောင်ရွက်ရန်တို့ကို လည်းကောင်း၊ ဆည်ရေသောက်အတွင်းရှိ စက်မှုလယ်ယာ စနစ်ကျ လယ်မြေများအကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးမှာကြားသည်။

မြောက်နဝင်းရေလှောင်တမံ ဆည်ရေသောက်ဒေသအတွက်း၌ မိုးစပါး ဧက ငါးသောင်းခန့် နှင့် နွေစပါး ဧက တစ်သောင်းကျော် အပါအဝင် နှစ်စဉ် စိုက်ပျိုးမြေဧက ကိုးသောင်းကျော်ကို အကျိုးပြုလျက် ရှိသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတိုးတက်ရေး ၊ ခေတ်မီ အဆင့်မြင့် နည်းပညာများအသုံးပြု၍ စိုက်ပျိုး ထုတ်လုပ်မှုပိုမိုဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အားပေးကူညီ ဆောင်ရွက်ပေး လျက်ရှိရာ ပြည်မြို့ ရှိ ရွှေပြည်မြေ ကုမ္ပဏီလီမိတက်က ဆောင်ရွက်လျက်ရှိသည့် ခေတ်မီရေဖြန်း စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသော ကြံစိုက်ခင်းနှင့် ရွှေပြည်မြေ ကုမ္ပဏီလီမိတက် နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်သည့် မြေပဲ (RS to CS) မျိုးစေ့ထုတ် စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ် နွေစပါး မိုးစပါးစုစုပေါင်း နှစ်ဆယ့်ကိုး သိန်းကျော် ၊ ပဲမျိုးစုံစိုက်ဧက သိန်းနှစ်ဆယ်ကျော်၊ ဆီထွက်သီးနှံ သုံးသိန်းခွဲခန့် နှင့် စက်မှု          ကုန်ကြမ်းသီးနှံများ ဟင်းဟင်းရွက်သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး လယ်ယာကုန်ထုတ် သမဝါယမအသင်း သုံးထောင်ကျော် အပါအဝင်တောင်သူလယ်သမား အသင်းအဖွဲ့ သုံးထောင်ငါးရာကျော်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။