Skip to main content
x

မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပါဝင်ကြိုးပမ်း

ဘေးကင်းလုံခြုံသော သား၊ ငါး အခြေခံတန်ဖိုးမြင့်စားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကကျသည့် ပုဂ္ဂလိကပိုင်း၏ပူးပေါင်းမှု မြှင့်တင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါစက်မှုဇုန်ရှိ ပုဂ္ဂလိက ငါးအစာစက်ရုံနှင့် တိရစ္ဆာန်အစာတွင်ထည့်သွင်းသည့် ဟန်ရိုးမဆေးဝါး စက်ရုံလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများအား မွေးမြူရေးတိရစ္ဆာန်၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများ တိုးတက်ကောင်းမွန်ရေးအတွက် တိရစ္ဆာန်အစာ၏အရေးပါမှု၊ သဘာဝလွှတ်ကျောင်း မွေးမြူခြင်းမှ လှောင်မွေးသည့် ခေတ်မီမွေးမြူရေးစနစ် ထွန်းကားလာစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ကိုင်သူများ၏ လိုအပ်ချက်များကို မျက်ခြည်မပြတ်လေ့လာပြီး မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

မှာကြား

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းသိုလှောင်ရုံ၌ လယ်ယာ ထွက်ကုန်၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရန် ငှားရမ်းလုပ်ကိုင်နေသော တောင်ပြာတန်း ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သိုလှောင်ရုံများ ထိန်းသိမ်းထားရှိမှု၊ ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေး ဂရုပြုဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံ မြို့နယ်ရှိ မြန်မာစီပီကုမ္ပဏီ၏ တိရစ္ဆာန်အစာစက်ရုံ လုပ်ငန်းများ၊ တိရစ္ဆာန်အစာ ဓာတ်ခွဲခန်းလုပ်ငန်းများ၊ မွေးမြူရေးထွက်ကုန် အဆင့်မြင့်စားသောက်ကုန် ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လယ်ယာ၊ သား၊ ငါး ထုတ်လုပ်မှုတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံ သော တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးတို့အတွက် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနက အားပေးကူညီဆောင် ရွက်ပေးနေမှုအခြေအနေများ၊ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊ အရည်အသွေးပြည့်ဝသောထုတ်ကုန်များဖြစ်စေရေး၊ မိမိတို့လုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် ဟန်ချက်ညီဖွံ့ဖြိုးလာစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။