Skip to main content
x

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီးသူများအနေဖြင့် ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်ရမည်

နေပြည်တော် ဒီဇင်ဘာ ၂၈

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၁) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အနေဖြင့် လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်အရလည်းကောင်း သေချာစွာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်အစိုးရကာလ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသော အမှုတွဲများအနေဖြင့် မူဝါဒများနှင့် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်၍ ယခုအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ဖျက်သိမ်းပေးရန် တင်ပြလာသည့်ကိစ္စရပ်ကို ဆွေးနွေးဆုံးဖြတ်ရန် ပါဝင်ကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိပြီးသူများအနေဖြင့် ခွင့်ပြုချက်ရရှိပြီး ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီးနောက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အနေဖြင့် စိစစ်ပြီး လယ်ယာမြေဥပဒေပုဒ်မ ၃၁ ပါပြဋ္ဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန်လည်ပယ်ဖျက်နိုင်ရေး အမှုကိစ္စတစ်ခုချင်းအလိုက် ကြီးကြပ်စိစစ်ပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထံသို့ နည်းဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း တင်ပြဆောင်ရွက်ပေး သွားရန်ဖြစ်ကြောင်း။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဖွဲ့ဝင်အားလုံး၏ ဆွေးနွေးသုံးသပ်ချက်၊ တင်ပြချက်များနှင့် သဘောတူညီမှုအရ ဆုံးဖြတ်ဆောင်ရွက်ရခြင်းဖြစ်သည်ကို သတိပြုပြီး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး တင်ပြကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၁) ကြိမ်မြောက်အစည်းအဝေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစာတွဲများအား တင်ပြရာ အကြောင်းအရာတစ်ခုချင်းအပေါ် အစည်းအဝေးတက်ရောက်လာသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။