Skip to main content
x

ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ နွယ်ခွေပင်မသိုလှောင်ရေးစခန်းအား ငှားရမ်းလုပ်ကိုင်လျက်ရှိကြသည့် ကောင်းကင်ကုမ္ပဏီ၊ ဂုဏ်ဟိန်းသစ်ကုမ္ပဏီ၊ ဆဋ္ဌဂံကုမ္ပဏီ၊ Farm Power Co.,Ltd၊ Golden Key Co.,Ltd များ၏ မူလသတ်မှတ်ထားသည့် ပစ္စည်းများသိုလှောင်ထားခြင်း ရှိ၊ မရှိနှင့် မူလရည်ရွယ်ချက်ပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိန်းသိမ်းပြုပြင်သင့်သည်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်းငါးမျိုးစိတ်များ ဖော်ထုတ်သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်းနှင့် မွေးမြူရေးနည်းစနစ်များ ပညာပေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နှစ်စဉ်ငါးသားပေါက်ထုတ်လုပ်မှု လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန်၊ ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး၊ သားငါးရိက္ခာဖူလုံပိုလျှံရေးနှင့် ရှားပါးလာသော ဒေသငါးမျိုးစိတ် များ ထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရေးနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရေးစသည့် ငါးသယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးနေမှုအပေါ် အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် First Gloden Dragon Construction Co.,Ltd ၏ စီမံကိန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ငါး စက်လှေဆိပ်ကမ်းတည်ဆောက်မည့် ဆိပ်ကမ်းနှင့် ကားလမ်းဖောက်လုပ် မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးတိုင်းအဆင့် စိုက်ပျိုး၊ မွေးမြူရေးတာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံပိုလျှံရေး၊ မိုးစပါး၊ နွေစပါးနှင့် ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအပြင် နိုင်ငံတကာတွင် လက်ရှိကြုံတွေ့နေရသည့် စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့် ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။