Skip to main content
x

လယ်ယာသားငါး ပို့ကုန်များ၏ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် ထုတ်လုပ်မှု မြင့်မားရေးကြိုးပမ်း

နေပြည်တော် ဇန်နဝါရီ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ရွှေမြင်းကုမ္ပဏီလီမိတက် ငါးအအေးခန်းစက်ရုံ၏ ငါး၊ ပုစွန် ပြုပြင်ထုပ်ပိုးခြင်း၊ အေးခဲခြင်းနှင့် ပြည်ပ ဈေးကွက်တင်ပို့ရန် ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေရှည်အကျိုး စီးပွားဖြစ်ထွန်းစေရေး၊ ဈေးကွက်ခိုင်မာစွာရရှိရေးအတွက် အရည်အသွေးပိုင်း အလေးထားဆောင်ရွက်ရန်နှင့် စက်ရုံလုပ်သားများ၏ ကျွမ်းကျင်မှုမြင့်မားရေး လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ချက်များ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တညင်းကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသနှင့် သင့်တော်သည့် စိုက်ပျိုးနည်းစနစ်များနှင့် သီးနှံပုံစံများကို တောင်သူများ အသုံးပြုနိုင်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတုအပေါ်မူတည်၍ ရေမြေဒေသနှင့် ကိုက်ညီမည့် ရေအနည်းလို သီးနှံများစိုက်ပျိုးနိုင်ရေး၊ တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ယခုနှစ်စိုက်ပျိုးရာသီတွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာအား ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Fresh & Green Int’l Manufacturing Co.,Ltd. ၏ အအေးခန်းများဖြင့် စိုက်ပျိုးရေးထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များ အေးခဲသိုလှောင်ထားရှိပြီး ပြည်ပတင်ပို့ရန် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကုန်ပစ္စည်းများ စနစ်တကျသိုလှောင်ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်)ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်း၊ သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှုထိန်းချုပ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ဓာတ်ခွဲစစ်ဆေးခြင်း၊ ပြည်ပပို့ကုန်များအတွက် ထောက်ခံချက်ထုတ်ပေး ခြင်း၊ အပင်ရောဂါ စစ်ဆေးခြင်းနှင့် ပြည်ပမှတင်သွင်းလာသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မိမိတို့ဓာတ်ခွဲခန်းကရရှိထားသည့် ISO/IEC 17025 စံနှင့်အညီ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ဟော်မုန်းဆေးများ၏ နည်းပညာအချက်အလက်များကို တိကျစွာစစ်ဆေးရန်၊ ပိုးသတ်ဆေးဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။