Skip to main content
x

ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍတွင် အဓိကကျသည့် သီးနှံစိုက်ပျိုးသည်မှ ကုန်ချောဖြစ်သည်အထိ သီးနှံကွင်းဆက်တစ်ခုလုံး၌ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍတွင် အဓိကကျသည့် သီးနှံစိုက်ပျိုးသည်မှ ကုန်ချောဖြစ်သည်အထိ သီးနှံကွင်းဆက်တစ်ခုလုံး ဆောင်ရွက်ရန်လိုအပ် ချက်များအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အရာထမ်း၊ အမှုထမ်းများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး က တောင်သူနှင့်ပွဲရုံ ချိတ်ဆက် ဆောင်ရွက်နေမှုများကို လေ့လာပြီး လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းနေခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စိုက်ဧရိယာမတိုးချဲ့ဘဲ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်အောင် လုပ်ဆောင်ရန် ဒေသအလိုက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများကို ဖြည့်စွက်ရေတစ်ကြိမ်မှ နှစ်ကြိမ်ပေးနိုင်ရုံဖြင့် သီးနှံများ အထွက်တိုးစေနိုင်သည့်အတွက် ရေကိုစနစ်တကျသိုလှောင် စိုက်ပျိုးရန်၊ သီးနှံကာကွယ်ရေးနှင့်ပတ်သက်သည့် တောင်သူ ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မြို့နယ်ဦးစီးမှူးများ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကိုယ်တိုင်စိုက်ခင်းတစ်ခု ထူ‌ထောင်၍ စိုက်ပျိုးသရုပ်ပြရန်နှင့် ခရိုင်ဦးစီးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန (မကွေး)၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့် သင့်တော်သော အထွက်ကောင်း မြေပဲမျိုးသစ်များ မွေးမြူရွေးချယ်ကြရန်၊ ပင်ပြန့်နှင့် ပင်ထောင်မျိုးများကို မျိုးစပ်သုတေသနလုပ်ကြရန်နှင့် နည်းပညာနှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တမာပိုးသတ်ဆေးစက်ရုံ(မကွေး) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လယ်ယာကဏ္ဍအတွက် အရေးကြီးသော သွင်းအားစုများအတွက် ပြည်ပမှီခိုမှုလျှော့ချနိုင်ရေး၊ သွင်းအားစု ထုတ်လုပ်သည့် နည်းပညာများ ပြည်တွင်းတွင် ဖော်ထုတ်ပိုင်ဆိုင်နိုင်ပြီး တောင်သူများအတွက် စျေးသက်သာစွာ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။