Skip to main content
x

သီးထပ်စွမ်းအားတိုးတက်ရန်အတွက် စိုက်ပျိုးရေရရှိရန်နှင့် စက်မှုလယ်ယာကဏ္ဍသည် အဓိကကျ

နေပြည်တော် ဖေဖော်ဝါရီ ၉

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါ‌မောက္ခ ဒေါက်တာအောင်ဝင်း ဦးဆောင်သော နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် သီးနှံစုံ အကန့်လိုက် စိုက်ပျိုးနည်းစနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ လာရောက်လေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားရာ တွင်သီးထပ်စွမ်းအား တိုးတက်ရန် အတွက် စိုက်ပျိုးရေရရှိရန်နှင့် စက်မှုလယ်ယာ အခန်းကဏ္ဍ သည် အဓိကကျကြောင်း၊ မိမိတို့ ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများကို လိုအပ်သည်ထက် ပို၍ဖျန်းခြင်း ကြောင့် မိတ်ဆွေပိုးများနှင့် ပျားအပါအဝင် ဝတ်မှုန်ကူးစေသည့် အင်းဆက်ပိုးများ၏ကောင်ရေ ကျဆင်းနေပါက နေကြာအထွက်နှုန်းလျော့ကျကြောင်း၊ တောင်သူများ၏ အဓိကလိုအပ်ချက်များဖြစ်သော အရင်းအနှီး၊ နည်းပညာ၊ စျေးကွက်၊ စိုက်ပျိုးထားသည့် သီးနှံများ သယ်ယူရွှေ့ပြောင်းရန်အတွက် ကုန်ထုတ်လမ်းနှင့် အခြေခံအဆောက်အဦများ လိုအပ် ကြောင်း၊ သီးနှံစုံ ၁၈ မျိုး၏ အကန့်လိုက် စိုက်ပျိုးထားရှိမှုများကို လေ့လာ၍ သီးနှံတစ်မျိုးချင်း အလိုက် မြေပြင်ဖုံးလွှမ်းနိုင်မှုကို လေ့လာပြီး မှတ်တမ်းတင်ထားကြရန်လိုကြောင်း၊ လူစာ၊ တိရစ္ဆာန်စာ၊ ဂေဟစနစ်စာ၊ မြေစာစသည်ဖြင့် စိုက်ပျိုးထားရှိမှုနှင့် ရေသွင်းရေထုတ်မှန်ကန်စေရန် ပေါင်းကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရှိသင့်သည်ကို မှတ်သားထားကြရန်လိုကြောင်း ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးကျောင်းသား ကျောင်းသူများကို သီးနှံစုံ ၁၈ မျိုးအကန့်လိုက် စိုက်ပျိုးထားရှိသည့် စိုက်ခင်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ ကြကြောင်း သတင်းရရှိသည်။