Skip to main content
x

သီးနှံအလိုက် ထိရောက်သောရေပေးဝေမှု စီမံခန့်ခွဲနိုင်ရန်အတွက် ရေသွင်းနိုင်မည့် နည်းစနစ်များ သုတေသနပြုရှာဖွေဖော်ထုတ်ရေး ကြိုးပမ်း

နေပြည်တော် ဖေဖော်ဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် သပြေတန်းအုပ်စု ကွင်းအမှတ် - ၁၆၄၂ ငွေလျှံကုန်းကွင်း တောင်သူဒေါ်ယုယုလွင်၏ ဆောင်းနေကြာနှင့် ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကာ ဆောင်းသီးနှံရိတ်သိမ်းပြီး နွေသီးနှံဖြစ်သည့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးသည့်သီးနှံအလိုက် ထိရောက်သောရေပေးဝေမှု စီမံခန့်ခွဲနိုင်ရန်အတွက် ရေသွင်းနိုင်မည့်နည်းစနစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 ထိုမှတစ်ဆင့် ဇမ္ဗူသီရိမြို့နယ် ငလိုက်ဆည်ရေသောက်စနစ်၊ ငလိုက်လက်ယာမြောင်း လက်တံ- ၃ နှင့် လက်တံ-၄ ကြားရှိ စနစ်ကျ လယ်ယာမြေ ၃၃၆ ဧကတွင် နွေစပါး စိုက်ပျိုးနိုင်ရေးအတွက် ရေပေးမြောင်းပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ ဒေသခံတောင်သူများက လက်တွေ့လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်ပတ်သက်၍တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် Great Wall Tomorrow ကုမ္ပဏီက GW-11 မျိုးစပါး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် လယ်ဝေးမြို့နယ် အေလာမြို့သစ်ကျေးရွာအနီး ရုံးပင်ချောင်းအတွင်း ယာယီရေထိန်းဆည် တည်ဆောက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေးမှာကြားခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၁၀) အနီးရှိ ငလိုက်ဆည်ရေသောက်စနစ် အဖျားပိုင်းနေရာ များ၌ စိုက်ပျိုးရေအခက်အခဲမဖြစ် ပေါ်စေရေးအတွက် စက်ရေတွင်းနှင့် ဆိုလာစနစ်တပ်ဆင်အသုံးပြုနိုင်ရန် စီမံဆောင်ရွက်မှုအခြေအနေများကို ဒေသခံတောင်သူများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပင်လောင်း လမ်းဘေးဆိုလာစနစ်သုံးစက်ရေ တွင်း အမှတ်-၇ နှင့် အမှတ်-၈ မှ ရေတင်၍တောင်သူများ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းနှင့် နေကြာသီးနှံစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဘဲကုန်းဆည်မြောင်းဝင်းတွင်ကျင်းပသော ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းမိသားစု၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကြည့်ရှု အားပေးပြီး ဆုရအသင်းများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။