Skip to main content
x

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်အထိမ်းအမှတ် အခမ်းအနားဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်

နေပြည်တော် မတ် ၇

နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အခမ်းအနားကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် ရာပြည့်အထိမ်းအမှတ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေအနေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားဖြစ်မြောက်ရေး အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပါမောက္ခချုပ်နှင့် အခမ်းအနားဖြစ်မြောက်ရေးကော်မတီအလိုက် တာဝန်ရှိသူများက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပမည့်အစီအစဉ်များ၊ တက္ကသိုလ် သမိုင်းမှတ်တမ်းပြုစုရေး၊ ပြခန်းများ ခင်းကျင်းပြသရေး၊ စပ်စာကို အသုံးပြု၍ အသားစား ကြက်များ၏ ကြီးထွားနှုန်းကို လေ့လာခြင်း(Growth Performance of Broiler on Mixed Ration) စာတမ်းအပါအဝင် အသုံးချသုတေသန (Applied Research) စာတမ်းဖတ်ကြားရေး၊ ဖျော်ဖြေ တင်ဆက်ရေး၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ၊ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေး၊ စိုက်ပျိုး သီးနှံပုံစံ စိုက်ကွင်းစိုက်ကွက်များ၊ စာပေလှုပ်ရှားမှုများ၊ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။