Skip to main content
x

သုတေသီများအနေဖြင့် သီးနှံကာကွယ်ရေးနည်းလမ်းတစ်မျိုးဖြစ်သည့် သီးနှံဖျက်ပိုးထောင်ချောက်သီးနှံ စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် သုတေသနများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်း

နေပြည်တော် မတ် ၁၇

(၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူများအနေဖြင့် အခြေခံလိုအပ်ချက်(၄)ချက်ရှိရာ အရင်းအနှီး၊ နည်းပညာ၊ စျေးကွက်နှင့် အခြေခံအဆောက်အအုံဖြစ်ပြီး စျေးကွက်သည် အဓိကကျကြောင်း၊ မိမိတို့စိုက်ပျိုးသည့် သီးနှံများစျေးကွက်ရရှိရေးအတွက် သမားရိုးကျရောင်းဝယ်ကြ ခြင်းထက်တောင်သူအဖွဲ့အစည်းများဖွဲ့စည်း၍ စျေးကောင်းရရန်အတွက် ရောင်းချရန်လိုကြောင်း၊ တောင်သူများစိုက်ပျိုးထုတ်လုပ်ရရှိလာသည့် သီးနှံများလေလွင့်ဆုံးရှုံးမှု မရှိစေရန်အတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အရည်အသွေး‌ကောင်းသည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် နည်းပညာများနှင့်ပတ်သက်၍ သင်တန်းပို့ချပေးရန်လိုအပ်ကြောင်း၊ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံစုံစိုက်ပျိုးပြီး ဝင်ငွေတိုးတက်ရရှိစေရေး ကြိုးပမ်းကြစေလိုကြောင်း၊ ပြည်ပမှ မှာယူတင်သွင်းနေရသည့် စားသုံးဆီကို ပြည်တွင်းဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများကို အထူးပြုစိုက်ပျိုးကြရန်လိုကြောင်း၊ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံစိုက်ပျိုးရာတွင်လည်း ရေသွင်းရေထုတ်ကောင်းမွန်စေပြီး ပေါင်းနှိမ်နှင်းရန် လွယ်ကူကာ အထွက်နှုန်းတိုးစေနိုင်သည့် ပေါင်ကြီးတင်စနစ်(Broad Bed Furrow)ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ တောင်သူနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စျေးကွက်ကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုထွန်းကားလာစေရေးအတွက် အသိပညာပေးလုပ်ငန်းကို တစ်ပါတည်း တိုးမြှင့်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သုတေသီများအနေဖြင့် သီးနှံကာကွယ်ရေး နည်းလမ်းတစ်မျိုးဖြစ်သည့် သီးနှံဖျက်ပိုးထောင်ချောက်သီးနှံ စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် သုတေသနများကို တိုးမြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အဆိုပါ (၂၈)ကြိမ်မြောက် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲတွင် လယ်ယာထွက်ကုန်သီးနှံများ၏ စျေးနှုန်းသတ်မှတ်ချက်များ၊ စျေးနှုန်းအပေါ်သက်‌ရောက်စေသောအချက်များ၊ သီးနှံပေါက်စျေးကို ဆုံးဖြတ်ပေးနိုင်သော ဝယ်လိုအားနှင့် ရောင်းလိုအား၏ သဘောတရားများ၊ စျေးကွက်ချဲ့ထွင်နိုင်သည့် နည်းလမ်းများ၊ သီးနှံများ၏ စျေးကွက်စျေးနှုန်းသတ်မှတ်ခြင်း၊ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ၏ သီးနှံအရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ လယ်ယာထွက်ကုန်သီးနှံများ ပြည်ပတင်ပို့မှုအခြေအနေနှင့် စျေးကွက်အလားအလာများကို သက်ဆိုင်ရာပညာရှင်များက တင်ပြဆွေးနွေးကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းဆွေးနွေးကြသည်။

ထို့ပြင် ဒုတိယဝန်ကြီးက တောင်သူကိုယ်တိုင်မိုလ်ဘိုင်းဖုန်းအသုံးပြု၍ နည်းပညာနှင့်စျေးကွက် သတင်းအချက်အလက်များရရှိစေရန်စနစ်ကို အကောင်အထည်ဖော်ကြရန်လိုကြောင်း၊ သီးနှံများ၏ ကုန်စျေးနှုန်းများကို အချိန်နှင့်တ‌စ်ပြေးညီ သိရှိနိုင်ရန် သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှာဖွေလေ့လာနိုင်မည့် ဝက်ဘ်ဆိုက်များကို လေ့လာနိုင်ကြစေရန် ကျေးရွာအရောက် တောင်သူ့အသုံးချဆက်သွယ်ရေးနည်းပညာသင်တန်းများ ပို့ချပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေတွင် စံပြအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။