Skip to main content
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တနင်္သာရီတိုင်းဒေသကြီး၏ သားငါးထုတ်လုပ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇွန်၇ ရက်နံနက်ပိုင်းက မြိတ်မြို့နယ် မြိတ်တောင်အုပ်စုကုန်းဖောက်ရပ်ကွက်ရှိ ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၈၀၀၀၀ မွေးမြူထားရှိမှု၊ ကြက်ဥများ ဖြန့်ဖြူးရောင်းချမှုနှင့် ကြက်ချေးမှ ဇီဝငွေ့ထုတ်၍ လျှပ်စစ်မီးသုံးစွဲရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးပြီး ကူးစက်ရောဂါကာကွယ်တားဆီးရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အင်းလေးမြိုင်စက်မှုဇုန်သို့ သွားရောက်ပြီး ပုဂ္ဂလိက အအေးခန်းစက်ရုံများမှ ရေထွက်ပစ္စည်းများကို ပြုပြင်အေးခဲ၍ အီးယူ၊ ဂျပန်၊ ဆော်ဒီ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့တင်ပို့ရန် ဆောင်ရွက်နေမှု၊ ကဏန်းပျော့အေးခဲထုပ်ပိုးနေမှုကိုလည်ကောင်း၊ ကျောက်ဖျာရွာရှိ ပုဂ္ဂလိကအအေးခန်းစက်ရုံ၏ ငါးသေတ္တာ၊ အသားစည်သွတ်ဘူးများနှင့် မီးဖိုချောင်သုံးစားသောက် ကုန်များထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပို့ကုန်အရည်အသွေးမြင့်မားရေးနှင့် စံချိန်စံညွှန်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် အကြံပြုဆွေးနွေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်း (GAqP Model Fram)အဆင့်မြှင့်တင်ရေးလုပ်ငန်းခွင်၏ တာပတ်ခြင်း၊ ကန်တူးဖော်ခြင်း၊ မြေသားပြုပြင်ခြင်းနှင့် ဓာတ်ခွဲခန်းတည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးတောင်သူများအားထားရသည့် ရေငန်ငါးသားဖောက်စခန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီသော ရေငန်ငါးစီးပွားဖြစ်မွေးမြူနိုင်မည့် အမယ်သစ်ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး သုတေသနပြုရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။