Skip to main content
x

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ရန်ကုန်)မှ လေ့လာရေးအဖွဲ့ နေပြည်တော်ရှိ ဆီထွက်ပဲပုပ်မျိုး ခုနစ်မျိုး သုတေသနစမ်းသပ်ကွက်များ ကြည့်ရှုလေ့လာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ ပါဝင်သော လေ့လာရေးအဖွဲ့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲစိုက်ကွင်း၌ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားသည့် သီးနှံအထွက်နှင့် ဆီထွက်ရာခိုင်နှုန်း မြင့်မားပြီး စာသုံးဆီအရည်အသွေး ကောင်းမွန်သော ပဲပုပ်မျိုး ခုနစ်မျိုး၏ သုတေသန စမ်းသပ်ကွက်ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

ကြည့်ရှုလေ့လာစဉ် ဒုတိယဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများ ဝင်ငွေတိုးစေရန်အတွက် သီးလှည့်စိုက်စနစ်တစ်ခုဖြစ်သည့် စပါးအပြီးမတ်ပဲသီးနှံပုံစံတွင် မတ်ပဲကိုနှစ်စဉ် စိုက်ပျိုးလာရာပိုးနှင့် ရောဂါထူပြောလာသည့်အတွက် မတ်ပဲအစားပဲပုပ်သီးနှံကို အစားထိုး စိုက်ပျိုးစေလိုကြောင်း၊ ပဲပုပ်သီးနှံအောင်မြင်စွာ စိုက်ပျိုးရာတွင် မျိုးစေ့လတ်ဆတ်မှုသည် အဓိကကျသဖြင့် မိုးပဲပုပ်နှင့် ဆောင်းပဲပုပ်မျိုးဖလှယ်နေရန် လိုအပ်ချက်ရှိသဖြင့် မိုးရာသီတွင် ပဲပုပ်မျိုးစေ့ ထုတ်ရေးစီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲပုပ်သီးနှံသည် ရေဝပ်သည့်ဒဏ်ခံနိုင်ဆုံးသော ပဲဖြစ်သဖြင့် မိုးရာသီတွင် စိုက်ပျိုး၍ ရနိုင်ကြောင်း၊ စားသုံးဆီကဏ္ဍ ဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တောင်သူကိုယ်တိုင်ပါဝင်သည့် ဆီထွက်သီးနှံမျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် ကူညီဆောင်ရွက်ပြီး နေပြည်တော်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် တောင်သူများ လက်ရှိစိုက်ပျိုးနေကြသည့် ပဲပုပ်မျိုးများဖြစ်သည့် သီပေါ၊ ချင်းမိုင်-၆၀၊ ဗီယက်နမ်ခွံဝါ၊ ရှမ်းဝါလုံးကြီး၊ SB-60 ၊ ရေဆင်း-၁၄ နှင့် ရေဆင်း-၁၅ စသည့်မျိုးများကို ပေါင်ကြီးတင်စိုက်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် လေ့လာရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသုတေသနဌာနစုကွင်း၌ စိုက်ပျိုးထားရှိသည့် ရေဆင်း - ၁၅ ပဲပုပ်မျိုး ဆင့်ပွားမျိုးစေ့စိုက်ခင်းနှင့် မျိုးစပ်မွေးမြူထားသည့် သက်လတ်အရည်အသွေးကောင်း ပဲပုပ်မျိုးများ ဒေသအဆင့် ယှဉ်ပြိုင်ခြင်းစမ်းသပ်ကွက်များကို ကွင်းဆင်းကြည့်ရှုလေ့လာကြပြီး ဒုတိယဝန်ကြီးက တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော ပဲပုပ်မျိုးစေ့ထုတ်လုပ်မှု စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်ချက်များကို သုတေသီများနှင့် ဌာနတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။