Skip to main content
x

ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ဘုရားကြီးမြို့အဝင်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မျိုးဘဲဖြန့်ဖြူးရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန် ခံက မျိုးမြှင့်ဥစားဘဲ မိဘမျိုးများမွေးမြူထားရှိမှု၊ မလေးရှားကာကီကမ်း ဘဲလ်(PS) ဥစားဘဲမျိုး သားပေါက်များထုတ်လုပ်၍ ဒေသနေဘဲမွေး တောင်သူများကို (F-1) အဆင့် ဥစားဘဲမျိုးသား ပေါက်များ ဖြန့်ဖြူးပေးနေမှုများကို ရှင်းလင်းတင်ပြသည်။

ဆွေးနွေးမှာကြား

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မျိုးမြှင့်ဥစားဘဲမျိုးများကို ဒေသနေ ဘဲမွေးမြူရေးလုပ်ကိုင်သူများ လိုအပ်သည့် ဘဲသားပေါက်ပမာဏ ပြည့်မီစွာရရှိရေး၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ ရင်းနှီးမတည်မှုနှင့် ထုတ်လုပ်မှုစရိတ်ကာမိ စေရေးစီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသ၏မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် မိသားစုတိုင်းတစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်သည့် အလေ့အထထွန်းကားလာစေရေး အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ပဲခူးမြို့နယ် ဘုရားကြီးမြို့ မျိုးဘဲဖြန့်ဖြူးရေးခြံ၌ မလေးရှားနှင့်ထိုင်းဥစားဘဲမျိုး ၃၅၀၀ ကျော် မွေးမြူထားရှိပြီး မတ်လမှယနေ့အထိ မျိုးဘဲဥတစ်သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ဘဲသားပေါက်အမ တစ်ကောင်လျှင်ငွေကျပ် ၁၂၀၀ နှုန်း၊ အထီးတစ်ကောင် လျှင်ငွေကျပ် ၇၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဘဲမွေးမြူလိုသူများအနေဖြင့် အမှာစာများပေးပို့ မှာကြားနိုင်ကြောင်း သိရသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)သို့ ရောက်ရှိ ကြရာတာဝန်ရှိသူများက အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ လုပ်သားကောင်းများအဖြစ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် မိတ္ထီလာ၊ ဘုရားကြီး၊ နေပြည်တော်(ရေဆင်း) သင်တန်းကျောင်းများ၏ သင်တန်းအမျိုးအစားများနှင့် ပို့ချပေးလျက်ရှိသည့် ဘာသာရပ်များ၊ဌာနတွင်း သင်တန်းများ၊ တောင်သူသင်တန်းများနှင့် သင်တန်းဆင်းပြီးလုပ်ငန်းခွင် လက်တွေ့အသုံးချနိုင်မှုမှတ်တမ်း များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြား ကြသည်။

ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းမှ ၂၀၁၁-၂၀၁၂ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်းသင်တန်း ၁၃ မျိုး၏ သင်တန်း ၆၆၈ ကြိမ်တွင် သင်တန်းသား ၄၄၉၀၁ ဦး၊ တောင်သူသင်တန်း ခြောက်မျိုးမှသင်တန်း ၁၀၆၅ ကြိမ်တွင် သင်တန်းသား ၃၆၄၆၈ ဦးတို့ကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီး တောင်သူသင်တန်း သား ၈၅ ရာနှုန်းမှာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ကတွင်းခြံကျေးရွာအုပ်စု မိုးစပါးရေကြီးနစ်မြုပ် တောင်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ပံ့ပိုးကူညီသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကာ မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအတွက် မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သိရသည်။