Skip to main content
x

ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ နေကြာသီးနှံဧက သုံးသန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၇ ရက်နှင့် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့် သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နှစ်အလိုက်တိုးချဲ့ဆောင်ရွက်သွားမည်

ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စိုက်ဧကများ လျာထားသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့်ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာပွင့်များ အစေ့အဆန်ပြည့်အောင်မြင်ပြီး ဆီထွက်နှုန်းကောင်းမွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုအကျိုးပြု ပျားမွေးမြူရေးကို တောင်သူများ တွဲဖက်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝတ်မှုန်ကူးအင်းဆက်ပိုးမွှားများ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ကိုလည်း တောင်သူများကို အသိပညာပေးစည်းရုံးသွားရန်လိုအပ်ကြောင်း၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက ၇၀၀၀၀၀ စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း။

နည်းပညာလိုအပ်ချက် ကူညီဖြည့်ဆည်းပေး

နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုမြင့်မားလာစေရေးနှင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများအပါအဝင် ဒေသငါးခုတွင် နို့စားနွားမကောင်ရေ ၆၀၀၀၀ ကျော် တိုးချဲ့မွေးမြူခြင်းကို ခရိုင်အခြေပြု မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်တာဝန်ရှိသူများအနေဖြင့် လိုအပ်ချက်များ ကြိုတင်စီမံဆောင်ရွက်နိုင်ရေးနှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် သွင်းအားစုများ သုံးစွဲနိုင်ရန်၊ စိုက်ပျိုးရေရရှိရေးနည်းလမ်းများ အသုံးပြုရန်နှင့် နည်းပညာလိုအပ်ချက် ကူညီဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေး

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ တောင်သူပညာပေးစခန်း၌ မိုးစပါးရေကြီးနစ်မြုပ် တောင်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကြပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ပံ့ပိုးကူညီသွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားကြပြီး မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအတွက် သက်တမ်းတိုမျိုးစပါးနှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ကြကာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် မြေဩဇာကြဲပက်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။