Skip to main content
x

မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌက လက်ရှိကြုံတွေ့ရလျက်ရှိသော မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုနှင့် သီးနှံထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဧရိယာများကို သွင်းအားစုများဖြင့် အချိန်မီ ပြန်လည်ကုစားရေးဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာသွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး နည်းပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

စိုက်ခင်းများ၌ ထည့်သွင်းလိုက်သည့် မြေဩဇာအာဟာရများ ပျောက်ဆုံးမှုမရှိစေဘဲ အပင်က ထိရောက်စွာ စုပ်ယူစားသုံးနိုင်ရေးအတွက် အပင်ကျန်းမာ၍ အမြစ်များသန်စွမ်းစေရန် သဘာဝမြေဩဇာနှင့် ရောစပ်အသုံးပြုခြင်း၊ ရွက်ဖျန်းအပင်အားဆေးများ အသုံးပြုခြင်းအပြင် အဆိပ်အတောက်ဖြစ်စေသော ဓာတ်သတ္တုများကို အပင်က မစုပ်ယူနိုင်စေရန် စိုက်ခင်းမြေပြင်ရာ၌ စက်ဖွဲပြာများထည့်သွင်းပေးခြင်း၊ ကောက်ရိုးမီးသွေးပြုလုပ်သုံးစွဲခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးနှင့် မိုးဆီထွက်သီးနှံများတွင် လိုအပ်သည့်မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး၊ တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် မြေဩဇာများ မဖြစ်မနေဝယ်ယူသုံးစွဲရလျက်ရှိရာ အရည်အသွေးပြည့်ဝသည့် မြေသြဇာကို စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကော်မတီဝင်များအနေဖြင့် မြေသြဇာလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံပြုချက်များကို ဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။ ထို့နောက် မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီအနေဖြင့် အရည်အသွေးပြည့်မီသော မြေဩဇာများကို စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများ အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ရေးအတွက် (၃) လတစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် မြေဩဇာမှတ်ပုံတင်များကို ထုတ်ပေးခဲ့ရာ မြေဩဇာကော်မတီအစည်းအဝေး (၄၁) ကြိမ်မြောက် ပြီးဆုံးသည့်ကာလအထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၁၅၇၃ စောင် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာကာယကံရှင်၏ တင်ပြချက်အရ မြေဩဇာမှတ်ပုံတင် ၁၉၅၇ စောင် ပယ်ဖျက်ခဲ့ပြီး သက်တမ်းကျော်လွန်၍ ဌာနကဖျက်သိမ်းသည့် မြေဩဇာမှတ်ပုံတင် ၂၇၉၃ စောင်ရှိသဖြင့် လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ဆဲ မြေဩဇာမှတ်ပုံတင် ၆၈၂၃ စောင်ရှိကြောင်း သိရသည်။