Skip to main content
x

ပြင်ဦးလွင်ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် မြေပုံကျေးရွာရှိ ပုဂ္ဂလိကဥစားကြက်မွေးမြူရေးခြံ၏ အလုံပိတ်စနစ်ဖြင့် ကြက်ကောင်ရေခြောက်သောင်းခန့် မွေးမြူလုပ်ကိုင်နေမှုနှင့် ကြက်ဥများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်နှင့် ခြံတာဝန်ရှိသူများကိုတွေ့ဆုံ၍ တိရစ္ဆာန်အစာကို ဒေသထွက် အစာကုန်ကြမ်းပစ္စည်းများဖြင့် ရောစပ်ကျွေးမွေးနိုင်ရေး၊ အသေးစားမွေးမြူရေး လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက် လုပ်ကိုင်လိုသူများအား လက်တွဲခေါ်ယူ၍ နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ လိုအပ်ချက်များချိတ်ဆက်ကူညီပေးခြင်းဖြင့် ဒေသ၏မွေးမြူရေး အခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာအုပ်စုနှင့် ပွေးကောက်ကျေးရွာအုပ်စုအတွင်းရှိ ဒီဇင်ဘာနို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားများမွေးမြူထားရှိမှု၊ နွားစာမြက်များ စိုက်ပျိုးကျွေးမွေးခြင်းလုပ်ငန်းနှင့် နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့ကိုကြည့်ရှုပြီး နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး ဒေသတွင်းမွေးမြူရေး တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျလိုက်နာကျင့်သုံးရန် ကိစ္စရပ်များကို မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ စိုက်ပျိုးနိုင်သည့် မြေယာများအားလုံး မြေလပ်မကျန်စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေး၊ သွင်းအားစုစရိတ်လျှော့ချနိုင်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေး၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးမြင့်မားစေရေး ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မှု အခွင့်အလမ်းများ၊ ကော်ဖီစိုက်ဧကလျာထားချက် ပြည့်မီစေရေး၊ မွေးမြူရေးကဏ္ဍတွင် ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာကွယ်ရန်လိုအပ်ချက်များ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကို တိုးချဲ့ပညာပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူးရုံးရှိ တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ အာဟာရဗေဒဓာတ်ခွဲခန်း(မန္တလေး)နှင့် မျိုးရည်ခဲချောင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ပြည်တွင်း၌ထွက်ရှိသော အစာနု၊ အစာကြမ်းများ၏ အခြေခံအာဟာရတန်ဖိုးများကို မွေးမြူရေးတောင်သူများ သိရှိစေရန်နှင့် တိရစ္ဆာန်အစာစပ်ရာတွင် မှန်ကန်သောအာဟာရပမာဏများပါဝင်အောင် အစာစပ်ကျွေးမွေးနိုင်ရန် နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဒေသရာသီဥတုနှင့် လိုက်လျောညီထွေစွာမွေးမြူနိုင်မည့် နို့စားနွားမျိုးများ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။