Skip to main content
x

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ရုံးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးသင်တန်းဖွင့်

လွိုင်လင် ဇွန် ၂၂

            ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လွိုင်လင်၊လဲချား၊မိုင်းကိုင် ၊ကျေးသီး၊ ကွန်ဟိန်း ၊မိုင်းရှူးနှင့် နမ့်စန်မြို့နယ် တို့တွင်  တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာတွင်  အဆင်ပြေ လွယ်ကူစေရန် ရည်ရွယ်၍ ၂၀၂၀−၂၀၂၁ဘဏ္ဍာနှစ် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး ရုံးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ် ခဲ့သည်။

            အခမ်းအနားတွင် လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် ၊ သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

            ထို့နောက် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်နှင့် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများထံသို့ ရုံးလုပ်ငန်းလက်စွဲစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

            အဆိုပါ ရုံးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးသင်တန်းတွင် မြို့နယ် ခုနှစ်မြို့နယ်မှ အမှုထမ်းဝန်ထမ်း ၁၇ ဦး တက်ရောက်ပြီး သင်တန်းတွင် ရုံးလုပ်ငန်းသဘောတရားများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာ ခံစားခွင့်နှင့် ပြစ်ဒဏ်များ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ငွေစာရင်းထိန်းသိမ်းနည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း အစရှိသည်များကို သင်တန်း နည်းပြ ၉ ဦးက ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်က ပြောပြ၍ သိရသည်။