Skip to main content
x

ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးဧက သိန်း ၃၀ ကျော်အထိ တိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၈) စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး မြို့နယ်၊ ကျေးရွာအလိုက် တောင်သူပိုင် လယ်ယာသုံးစက်ကိရိယာပိုင်ဆိုင်မှုစာရင်းများ မှန်ကန်စွာ ကောက်ယူရေး၊ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများ ပြန်လည်ထွန်ယက်ပေးနိုင်ရေး၊ ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိန်ညှိပေါင်းစပ်လုပ်ဆောင်ပေးရန် ဆွေးနွေးမှာကြားကာ စခန်းအတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုနေသော ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ် နှစ်ဆောင်ပြိုင်ကျေးရွာအုပ်စု ခပေါင်းဆည်ရေသောက်စနစ်၊ လက်ဝဲတူးမြောင်းမကြီး ပေတိုင်-၇၃၀၀ အနီး ရာဂီမုန်တိုင်းအရှိန်ကြောင့် တူးမြောင်းပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီးအတွင်း နွေစပါးဧက သိန်း ၃၀ ကျော်အထိ တိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ရေပိုမိုသိုလှောင်နိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် တောင်ငူမြို့နယ် ဧဒင်ကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး မျိုးမြှင့်သားစပ်ထားသော ကြက်မျိုးသန့်များ ထုတ်လုပ်နေမှု၊ မြန်မာ့ရွှေဒင်္ဂါး (RIR) မျိုးသန့် ကြက်မနှင့် ပြည်ပမှ တိုက်ရိုက်တင်သွင်းလာသည့် အသားတိုးနှုန်း အထူးမြင့်မားကောင်းမွန်သော မျိုးကြက်ထီးများကို စနစ်တကျမွေးမြူပြီး မေထုန်မဲ့သားစပ်နည်းဖြင့် မျိုးစပ်သားဖောက်ထားသော Super Chick (H.B) အသားတိုးကြက်မျိုးများ မွေးမြူထားရှိနေမှုလုပ်ငန်းများကို ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စုတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဝါးတီး-အုန်းပင်တာ ပျက်စီးထိခိုက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးခဲ့သည့် တာနေရာများတွင် ပြန်လည်ပြုပြင်သွားရန်အတွက် လိုအပ်သည့် ဒီဇိုင်းပုံစံအတိုင်း စနစ်တကျ ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ တောင်ငူမြို့နယ် ကေတုမတီကျုံးအတွင်းသို့ ရေဝင်လမ်းကြောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။