Skip to main content
x

အရည်အသွေးကောင်းစပါးမျိုး YQR 12 (ဝိုင်ကြူအာ-၁၂)

YQR 12 (ဝိုင်ကြူအာ-၁၂) အရည်အသွေးကောင်းစပါးမျိုးသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန(IRRI)နှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့သော သုတေသနစမ်းသပ်ချက်များမှ ရရှိလာသောမျိုးဖြစ်ပါသည်။ မျိုးလိုင်းနံပါတ်မှာ IR 73002-146-2-3-3 ဖြစ်ပြီး KAPUAS*2 / IR 56 မျိုးကူးစပ်ခြင်းမှရရှိလာသော မျိုးလိုင်းဖြစ်ပါသည်။

ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်း သော စပါးမျိုးရရှိရန်အတွက် ၂၀၁၂ ခုနှစ်၊ မိုးရာသီမှ စတင်၍ ၂၀၁၇ ခုနှစ်အထိ နွေ၊ မိုး နှစ်ရာသီ အဆင့်ဆင့်မျိုးရွေးချယ်စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့်အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ခြင်းများအား လက်ပံတန်း၊ မြောင်းမြ၊ ကျောက်ဆည်၊ ကျိုင်းတုံ၊ ရေဆင်းဒေသများတွင် စံထားမျိုး ရေဆင်းလုံးသွယ်နှင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ မျိုးလိုင်း၏ အရည်အသွေးလက္ခဏာများမှာ  ရာသီမရွေးစိုက်ပျိုးနိုင်သော အမွှေးနံ့အနည်းငယ်ပါဝင်ပြီး  စာသုံးမှုကောင်းသောစပါးမျိုး ဖြစ်ပါ သည်။

အသက်ရက်မှာ (၁၂၅)ရက်ရှိပြီး၊ အပင်မြင့် (၁၁၀ စင်တီမီတာ)၊ တစ်နှံပါပင်ပွားမှာ (၂၀ပင်)၊ တစ်နှံပါသီးလုံး (၁၇၅)၊ တစ်နှံပါ အောင်စေ့ရာခိုင်နှုန်း (၉၁.၀)နှင့် အစေ့ ၁၀၀၀ အလေးချိန်မှာ (၃၀.၅၀ ဂရမ်)၊ နှံစအရှည် (၃၀.၀၀ စင်တီမီတာ)ရှိပြီး အထွက်နှုန်းမှာ (၁၁၀-၁၂၀ တင်း/ဧက)အထိ အထွက်ကောင်းသောစပါးမျိုး ဖြစ်ပါသည်။

ဆန်ရည်ဆန်သားကြည်လင်ပြီး ဆန်ထွက်ရာခိုင်နှုန်းမှာ  (၆၂.၀%)၊ အမိုင်းလို့လ်ပါဝင်မှု (၂၃.၀)% ပါရှိပြီး ကော်ဓာတ်ပါဝင်မှုမှာ (၄၄.၅ မီလီမီတာ)နှင့် အသင့်အတင့်ကျိုချက်ခံနိုင်ပြီး ဆန်ရှည်ထွက်မှုအချိုးမှာ (၁.၃၄)ရှိသော စပါးမျိုးဖြစ်ပါသည်။   

ဧည့်မထအုပ်စုဖြစ်ပြီး ဆန်စေ့အလျားမှာ (၈.၅ မီလီမီတာ)၊ ဆန်စေ့အနံမှာ (၂.၁မီလီမီတာ)နှင့် ဆန်စေ့ အလျားအနံအချိုးမှာ (၄.၀)အချိုးရှိသော စပါးမျိုးဖြစ်သည်။ ဆည်ရေ‌သောက်၊ မိုးရေသောက်ဒေသများတွင် နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနိုင်သော တောင်သူဦးကြီးများအတွက် အကျိုးပြုနိုင်သည့် အရည်အသွေးကောင်း စပါးမျိုးဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။