Skip to main content
x

ဆင်းပန်းနှမ်း-၁ မျိုးအား မျိုးသန့်ထိမ်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစုအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆူးပန်း အစရှိသောဆီထွက်သီးနှံများအား သုတေသနပြု ဆောင်ရွက်လျှက် ရှိပါသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ရေ၊ မြေ၊ ဒေသ၊ ရာသီဉတုနှင့်ကိုက်ညီ၍ အထွက်ကောင်းနှုန်းကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းခြင်း စသော လက္ခဏာများနှင့်ပြည့်စုံသည့် မျိုးကောင်းမျိုးသန့်များအား သုတေသနပြု မွေးမြူရွေးချယ် ထုတ်လုပ်ရေးသည် ဆီထွက်သီးနှံသုတေသနဌာန၏ အဓိကလုပ်ငန်းစဉ်ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ယာသီးနှံများသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံ သုတေသန ဌာနစု၌ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ရာသီဥတုပြောင်းလဲမှုအား လိုက်လျော ညီထွေမှု၊ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေး၊ အပင်မျိုးရိုးဗီဇနှင့်သဘာဝအရင်း အမြစ်များထိန်းသိမ်းခြင်းနှင့်မျိုးပွားများခြင်း၊ မျိုးစေ့ထုတ်ခြင်း၊ သုတေသနနှင့် နည်းပညာတိုးတက် ရေး အစရှိသော သုတေသန အစီအစဉ်များအောက်တွင် စီမံကိန်းများချမှတ်၍‌ ဆောင်ရွက်လျှက် ရှိရာ သုတေသနလုပ်ငန်းများအတွက် အဓိကအရေးပါသော အပင်မျိုးရိုးဗီဇနှင့် သဘာဝအရင်း အမြစ်များ ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်အောက်တွင် ဆောင်ရွက်ထားရှိသည့်  စိုက်ပျိုးရေးသုတေ သနဉီးစီးဌာနမှ ထုတ်ဝေထားသည့် ပန်းနှမ်းမျိုး တစ်မျိုးဖြစ်သည့် ဆင်းပန်းနှမ်း-၁ မျိုးအား မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်  မိုးနှောင်းရာသီတွင် စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊ ဆီထွက်သီးနှံသုတေသနဌာနစုကွင်းတွင် ပန်းနှမ်းမျိုးများ၏ မျိုးရိုးဗီဇသန့်စင်မှုရှိစေရေး၊ မျိုးရိုးဗီဇ ထိန်းသိမ်းထားနိုင်ရေး အတွက်ရည်ရွယ်ကာ  သုတေသနပညာရှင်များမှ စနစ်တကျ ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ ဆင်းပန်းနှမ်း-၁၏ အရည်အချင်းလက္ခဏာများမှာ အသက်ရက် ၇၅-၈၀ ရက်အထိ သာရှိခြင်း၊ တစ်ပင်ပါအပွင့် ၁၅-၅၀ ပွင့်ထိရှိခြင်း၊ အစေ့ ၁၀၀၀ အလေးချိန်မှာ ၃-၃.၅ ဂရမ် ရှိခြင်း၊ ဆီထွက်ရာခိုင်နှုန်းမှာ ၄၀-၄၅% ထိရှိခြင်းနှင့် တစ်ဧကအထွက်နှုန်းမှာ ၈-၁၀တင်း ရရှိနိုင်ခြင်းတို့ ဖြစ်ပါသည်။ ပန်းနှမ်းပင်၏ထူးခြားချက်မှာ အစိုဓာတ်များလွန်းသည့်အခြေအနေတွင် အခြား ဆီထွက် သီးနှံများထက် ခံနိုင်ရည်ရှိပြီး အခြားသောသီးနှံများထက် အကြမ်းခံခြင်းတို့ ဖြစ်ကြပါ သည်။

ဆင်းပန်းနှမ်း-၁ မျိုးနှင့် တစ်ဧကအထွက်နှုန်းအများဆုံးရရှိနိုင်မည့် စိုက်ပျိုးရေးနည်းစနစ် ကောင်းများအား သိရှိလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်) ရေဆင်း၊ နေပြည်တော် ဖုန်း -၀၆၇ ၄၁၆၅၃၁ တွင် ဆက်သွယ်ရယူနိုင်ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်